လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၄.၄.၂၀၁၆)ရက်နေ့ နံနက်(၀၉း၃၀)နာရီတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

      အစီအစဉ်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားပါသည်။

      ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက ပြည်နယ်နှင့်တိုင်းအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်လုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြကြပြီး အရေးပေါ်စီမံခန်ခွဲမှုဗဟိုဌာန (Emergency Operation Center)အား ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်ကိစ္စ၊ လက်ရှိလုပ်ငန်းစဉ်များထဲတွင် ရင်ဆိုင်နေရသော အခက်အခဲများ၊ လတ်တလောဖြစ်ပေါ်နေသည့် ရေရှားပါးမှုပြဿနာနှင့် သဘာဝဘေး ကြိုတင်ပြင်ဆင်ခြင်းနှင့် လျော့ပါးရေး အသိပညာပေးသင်တန်းနှင့် အရေးပေါ်တုံ့ပြန်မှုများအတွက် အဖွဲ့များဖွဲ့စည်းခြင်း၊ ရက်(၁၀၀) စီမံချက်တွင် ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခြင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများအတွက် အဓိကလိုအပ်ချက်များကို လက်တွေ့ကျကျ ပံ့ပိုးကူညီခြင်း၊ ကယားပြည်နယ်တွင် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် စေတနာ့ဝန်ထမ်းလူငယ် (Youth Volunteer) များ၏ Youth Networkများ တည်ထောင်၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်နိုင်ခြင်း၊ ချင်းပြည်နယ်ရှိ မြေပြိုဆည်ကိစ္စနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ထားရှိခြင်းစသည်များ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

     အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ အရာထမ်းများ တက်ရောက်ကြပါသည်။

     ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Center)ကို ထိထိရောက်ရောက် အကူအညီပေးနိုင်ရန်အတွက် လာရောက် တွေ့ဆုံသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E Mr.Tateshi HIGUCHI နှင့်အဖွဲ့အား ဝန်ကြီးဌာန မေခလာခန်းမ၌ တွေ့ဆုံ၍ ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံတို့ လက်ရှိပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter