လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့်‌ သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေး၊ တုန့်ပြန်ရေး လုပ်ငန်းများအား ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် (၁-၇-၂၀၁၆)ရက်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ရောက်ရှိပြီး လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့်‌ သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေး၊ တုန့်ပြန်ရေး လုပ်ငန်းများအား ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းနှင့် ဥာဏ်ရည်မမီ ကလေးများကို ကာယ၊ ဥာဏ၊ စာရိတ္တမှစ၍ ဖွံ့ဖြိုးတိုးတက်စေရေး ပြုစုလေ့ကျင့်ပေးလျက်ရှိသော အောင်မြေသာစံမြို့နယ်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းတာဝန်ခံ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကလေးများအား စားစရာများပေးအပ်ကာ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။

      ယင်းနောက် ကလေးသူငယ်တရားရုံးမှ ပို့အပ်လာသည့် ကလေးများအား မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြတ်၍ နိုင်ငံတော်နှင့်ပြည်သူကို အကျိုးပြုသည့် နိုင်ငံသားများဖြစ်လာစေရန် စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ ပြုပြင်ပေးလျက်ရှိသော အောင်မြေသာစံမြို့နယ်ရှိ လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနေမှုများကို လှည့်လည်ကြည့်ရှုကာ ကလေးများအား အားပေးစကား ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါ ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော မန္တလေးမြို့ရှိ လမ်းပေါ်နေကလေးများ၊ တောင်းရမ်း စားသောက်သူများ၊ ခိုကိုးရာမဲ့များ၊ စောင့်‌ရှောက်သူမဲ့ မသန်စွမ်းသူများအား ကာကွယ်စောင့်‌ရှောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေး၊ တုန့်ပြန်ရေးလုပ်ငန်းများအား ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

      ယင်းနောက် ချမ်းမြသာစည်မြို့နယ်ရှိ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ၊ မန္တလေးမြို့သို့ရောက်ရှိပြီး သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေး၊ တုန့်ပြန်ရေး လုပ်ငန်းများအား ဆောင်ရွက်ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုတို့ကို လှည့်‌လည် ကြည့်ရှုခဲ့ပါသည်။

      ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အသက်(၅)နှစ်မှ (၁၈)နှစ်အတွင်း ပညာသင်ကြား လိုသော နားမကြားကလေးသူငယ်များကို စာပေနှင့်အသက်မွေးဝမ်းကျောင်း ပညာများသင်ကြားပေးလျက် ရှိသည့် နားမကြားသောကလေးများကျောင်း၊ မန္တလေးမြို့သို့ရောက်ရှိပြီး မသန်စွမ်းသူတို့၏ဘဝကို ပြန်လည် ထူထောင်မှုပြုပေးလျှင် ၎င်းတို့၏ဘဝကို ၎င်းတို့ကိုယ်တိုင် ဖန်တီးရပ်တည်နိုင်မည့်အပြင် တိုင်းပြည်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စေတနာ၊ မေတ္တာ၊ ကရုဏာ အရင်းခံထား၍ ပြုစုစောင့်‌ရှောက်ပေးရန်လိုကြောင်း၊ တစ်ဦးချင်းစီ၏ ဥာဏ်ရည်နှင့် ဝါသနာထုံမှုအပေါ် မူတည်၍ ကျောင်းတွင်းပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးရန်ဖြစ်ကြောင်း မှာကြားပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter