ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ၊ ၆.၅.၂၀၁၉
    ရခိုင်ပြည်နယ်အတွင်း  တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရခိုင်ပြည်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့ကို ရန်ကုန်မြို့၊ Park Royal Hotel ၌ ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါသည်။
    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊  ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မောင်တောဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီဝင်များနှင့် အကြံပေးဘုတ်အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံလူသားချင်း စာနာမှု ညှိနှိုင်းရေးမှူးရုံး (AHA Centre)တို့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော နိုင်ငံတကာ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
    အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီဥက္ကဌ၊ ဒေါက်တာဝင်းမြတ်အေးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားရာ အစိုးရအနေနဲ့ စတင်တာဝန်ယူချိန်ကတည်းက ရခိုင်ပြည်နယ်  အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီရဲ့ ဒုတိယဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာများဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်းများကို စုံစမ်းဖော်ထုတ် နိုင်ဖို့နှင့် သိမ်မွေ့နက်နဲတဲ့ အရေးကိစ္စများကိုဖြေရှင်းနိုင်မယ့် ရေရှည်နည်းလမ်းကောင်းများကို ဖော်ထုတ်အကြံပေးနိုင်စေဖို့အတွက် ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းပြီးဆောင်ရွက်လျက် ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ကော်မရှင်၏အကြံပြုချက်များဟာ ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့နေရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း၊ လုံခြုံရေးဆိုင်ရာ အကြပ်အတည်းနှင့် လူ့အခွင့်အရေးဆိုင်ရာအကြပ်အတည်းတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့နဲ့ ရေရှည်ပဋိပက္ခ ကင်းဝေးရေးအတွက် အရေးပါတဲ့ အကြံပြုချက်များဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်နှင့် နိုင်ငံအတွက်အကျိုးရှိမည့်  အကြံပြုချက်များကို တစ်နှစ်ခွဲကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇ ဩဂုတ်လ ဖြစ်စဉ်ဖြစ်ပွားမှုများသာ မရှိခဲ့ပါက ယခုအခြေအနေထက် များစွာတိုးတက်မှု ရှိအောင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ အဲဒီဖြစ်စဉ်များကြောင့် ၂၀၁၇ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုများ နှောင့်နှေးခဲ့ပါကြောင်း၊ သို့ရာတွင် ၂၀၁၈ ခုနှစ်အတွင်း ပုံမှန်အတိုင်းဆက်လက် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ အားလုံးသိကြတဲ့အတိုင်း အခုဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာမတူညီတဲ့ လုံခြုံရေးဆိုင်ရာပြဿနာများ ထပ်မံ ဖြစ်ပွားသဖြင့် နှောင့်နှေးခဲ့ရပါကြောင်း၊ ဒီအခက်အခဲကိုလည်း ကျော်လွှားနိုင်မယ်လို့ယုံကြည်ပါကြောင်း၊ အမှန်အတိုင်းပြောရရင် အကြံပြုချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းစဉ်ဟာ အလွန်သိမ်မွေ့ပြီး ခက်ခဲတဲ့ လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ ဒါပေမယ့် အစိုးရအနေနဲ့ အင်တိုက်အားတိုက်ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့နေရတဲ့ ပြဿနာအများစုဟာ ကာလရှည်ဖွံ့ဖြိုးမှုနိမ့်ကျခဲ့မှု၊ ယုံကြည်မှု အားနည်းမှုများကြောင့်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူအားလုံးကို အတူတကွ တွေ့ဆုံဆွေးနွေးပြီး ဆိုင်ရာကဏ္ဍအလိုက် သဘောတူညီမှုရရှိရေး ဆွေးနွေးမှု လုပ်ငန်းစဉ်ဟာ ခန့်မှန်းထားတာထက်ပိုခက်ခဲခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမရှိဘဲ ရခိုင်ပြည်နယ်အတွင်း မည်သည့်လုပ်ငန်းကိုမျှ ဆောင်ရွက်လို့မရတာကို အားလုံးနားလည် ကြမည်ဟုယုံကြည်ပါကြောင်း၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဆောင်ရွက်ရာမှာ လူမှုသဟဇာတဖြစ်ရေးက အရေးပါသောကြောင့် ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ နောက်ထပ်အရေးကြီးတာက တရားဥပဒေစိုးမိုးရေး ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးကလည်း ဦးစားပေးဆောင်ရွက်မယ့်လုပ်ငန်း(၃)ခုမှာ တရားဥပဒေစိုးမိုးရေးကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်မယ်လို့ မိန့်ခွန်းမှာထည့်သွင်း ပြောကြားခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ လက်ရှိကြုံတွေ့နေရတဲ့ လုံခြုံရေးအခက်အခဲကို ဖြေရှင်းနိုင်ရန်၊ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနေရာ ချထားပေးရန်နှင့်  အနာဂတ်မှာ အလားတူပြဿနာများ မဖြစ်ပွားစေရန် တရားဥပဒေစိုးမိုးရေးက အခြေခံအကျဆုံးဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးကို မြှင့်တင်နိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီလို ဆောင်ရွက်ရာမှာ အတူပါဝင်ဆောင်ရွက်ဖို့ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများကို ဖိတ်ခေါ်ပါကြောင်း၊ မိမိတို့အစိုးရ စတင်တာဝန်ယူစဉ်ကပင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ခဲ့သလို တည်ငြိမ်မှုရှိစေရေး ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ အခုဆိုရင်ရခိုင်အပါအဝင် တစ်နိုင်ငံလုံးမှာ တိုးတက်မှုတွေကို မြင်တွေ့နေရပြီဖြစ်ပါကြောင်း၊ သိသာထင်ရှားတဲ့သာဓကတစ်ခုကို ပြရမယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့(၂)နှစ်တာ ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အားရရှိရေးစတဲ့ အခြေခံအဆောက်အဦ တွေ ဖွံ့ဖြိုးတိုးတက်လာတာကို ပြလိုပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဟာ ရခိုင်ပြည်နယ် အတွင်း အခြေအနေများပုံမှန်ပြန်လည်ဖြစ်စေရေးနဲ့ ပိုမိုကောင်းမွန်လာစေရေး အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်သလို ငြိမ်းချမ်းပြီးသာယာဝပြောတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးပါ ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း IDP စခန်းများ ပိတ်သိမ်းရေးလုပ်ငန်းများကို  အကြံပြုချက်  မတိုင်ခင်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြံပေးကော်မရှင်ရဲ့ကြားဖြတ်အစီရင်ခံစာ တင်သွင်းပြီး ပြီးချင်းမှာပဲ IDP စခန်း (၃) ခုကို ပိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ နောက်ထပ် (၁)ကို  ၂၀၁၈ခုနှစ် အတွင်း ပိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် ပိတ်သိမ်းဆဲ စခန်း(၁)ခုကို စနစ်တကျ ပိတ်သိမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း IDP စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျူဟာ (မူကြမ်း)ကို ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင် များနှင့် ပူးပေါင်း၍ ညှိနှိုင်းရေးဆွဲခဲ့ပါကြောင်း၊ နိုင်ငံသားဖြစ်မှုလုပ်ငန်းစဉ်သည်လည်း အရေးကြီးသောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းမှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တွေရှိကြသလိုပဲ မြန်မာနိုင်ငံမှာလည်း ရှိပါကြောင်း၊ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ဟာ ပထမအဆင့်အရေးပါတဲ့ လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ အကြံပြုချက်အကောင်အထည်ဖော်ရေးမှာ အာဆီယံ၏ အခန်းကဏ္ဍကလည်း အရေးကြီး ပါကြောင်း၊ မြန်မာနိုင်ငံအပေါ်နားလည်မှုအပြည့်အဝဖြင့် အစဉ်တစိုက် ကူညီပေးခဲ့ကြတဲ့ အာဆီယံနိုင်ငံများကိုလည်း ကျေးဇူးတင်ပါကြောင်း၊အစိုးရအနေနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းသာယာ ဝပြောရေးအတွက် အားသွန်ခွန်စိုက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်းနဲ့ မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများအနေနဲ့ နားလည်မှုရှိစွာနဲ့ ပါဝင်ကူညီဆောင်ရွက်ပေးကြဖို့ ဖိတ်ခေါ်လိုပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲကနေ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှုများကို ပြန်လည်သုံးသပ်ရာမှ ရှေ့ဆက်ဆောင်ရွက်ရေး လုပ်ငန်းများကိုပါ ပုံဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။
    ထို့နောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးဘုတ်အဖွဲ့ဝင် Rt. Hon. Lord Darzi of Denham က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု တိုးတက်မှု များကို မြင်တွေ့နေရပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရင်ဆိုင်နေရတဲ့ အခက်အခဲများဟာ အခုမှကြုံတွေ့ရတဲ့ အခက်အခဲများမဟုတ်ဘဲ ကာလရှည်ကြာဖြစ်ပွားခဲ့တဲ့ သိမ်မွေ့စွာ ဖြေရှင်းရမည့်လုပ်ငန်းတွေ ညှိနှိုင်းဆွေးနွေးမှုတွေကနေ တစ်ဆင့်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ဖြစ်တာကြောင့် ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းတွေမှာ ရလာဒ်ကောင်းများရရှိလာစေရေး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်း မှတ်ချက်ပြု စကားပြောကြားခဲ့ပါသည်။
    ဆက်လက်၍  ကဏ္ဍအလိုက်ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ ခြုံငုံသုံးသပ်ချက် အစီအစဉ်၏ သဘာပတိအဖြစ် ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ဦးဆောင်ဆွေးနွေးသူ အဖြစ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်နှင့် ပြန်လည်ဆွေးနွေးသူအဖြစ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြတို့က ဆောင်ရွက်ခဲ့ကြပါသည်။
    မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ အခန်းကဏ္ဍ သုံးသပ်ချက် အစီအစဉ်၏ သဘာပတိအဖြစ် ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ ဦးဆောင်ဆွေးနွေးသူအဖြစ် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ပြန်လည်ဆွေးနွေးသူအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးတို့က ဆောင်ရွက် ခဲ့ကြပါသည်။
    ယင်းနောက် အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) နှင့်  အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့ (ERAT) တို့၏ လူသားချင်စာနာ ထောက်ထားမှုအကူအညီပေးရေး အခန်းကဏ္ဍသုံးသပ်ချက်အစီအစဉ်၏ သဘာပတိအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ ဦးဆောင်ဆွေးနွေးသူ များအဖြစ် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးဘုတ်အဖွဲ့ဝင် ဦးထွန်းမြတ်နှင့် AHA Centre မှ Deputy Executive Director, Mr. Arnel Capili တို့ကလည်းကောင်း၊ ပြန်လည်ဆွေးနွေးသူအဖြစ် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည် ဖေါ်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးဘုတ်အဖွဲ့ဝင် ဦးလှမြင့်တို့က အသီးသီး ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသူ များက အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့၏  ကဏ္ဍအလိုက် ဆွေးနွေးမှုများအပေါ် သိရှိလိုသည်များကို မေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ ကြကြောင်းသတင်းရရှိပါသည်။

FacebookTwitter

Recent News