Pre-Summit Event of 3rd ASEAN Women Leaders’ Summit သို့တက်ရောက်ခြင်း
တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံအကြို ဆက်စပ်အစည်းအဝေးများ(Pre-Summit Event of 3rd ASEAN Women Leaders’ Summit) သို့တက်ရောက်ခြင်း
၂၂ ဩဂုတ်လ ၂၀၂၄
လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံအကြို ဆက်စပ်အစည်းအဝေးများ(Pre-Summit Event of 3rd ASEAN Women Leaders’ Summit) အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ အာဆီယံအမျိုးသမီးကော်မတီ(ACW) Focal Point နှင့် အာဆီယံအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် မှတ်ပုံတင်ကဏ္ဍ (AWPR) အဖွဲ့ဝင်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေး၊ အာဆီယံအမျိုးသမီးအခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒေါက်တာ သက်သက်ဇင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများသည် Online ဖြင့်တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံ၊ Women’s Union ၏ ဒုတိယဝန်ကြီးဖြစ်သူ H.E Mrs. Thamma PHETVIXAY က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အစီအစဉ်အရ အာဆီယံဒေသတွင်း၌ လုပ်ခလစာရရှိသောအလုပ်များနှင့် လုပ်ခလစာရရှိခြင်းမရှိသော အိမ်မှုကိစ္စလုပ်ငန်းများ၏ အခန်းကဏ္ဍနှင့်စံနှုန်းများ၊ အာရှနှင့်ပစိဖိတ်ဒေသတွင်း၌ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် ဆောင်ရွက်မှုများ၊ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကဏ္ဍတို့တွင် အမျိုးသမီးများပါဝင်ဆောင်ရွက်နေမှုများ၊ ကျား၊ မတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေး ကိစ္စရပ်များနှင့် ကျား၊ မအခြေပြုအကြမ်းဖက်မှုပပျောက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကိစ္စရပ်များ၊လူမှုသဟဇာတပေါင်းစည်းရေးကိစ္စရပ်များနှင့် ကြံ့ကြံ့ခံနိုင်သော လူမှုအသိုင်းအဝိုင်းအကြောင်းအရာများအား အာဆီယံနိုင်ငံများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ သုတေသနပညာရှင်များက Panelists များအဖြစ် ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံ (3rd ASEAN Women Leaders’ Summit) အား (၂၃.၈.၂၀၂၄) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။