ရှေးဦးအရွယ်ကလေးသူငယ်များအား စနစ်တကျပြုစုစောင့်ရှောက်ရေး အရေးကြီးပုံနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ဆွေးနွေးခြင်း

ဇွန်လ၊ ၁၅ ပုသိမ်

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများရှိ ကလေးငယ် များ၏ မိဘများ၊ အုပ်ထိန်းသူများအား ရှေးဦးအရွယ်ကလေးသူငယ် စနစ်တကျပြုစု စောင့်ရှောက် ရေး အရေးကြီးပုံကို ရှင်းလင်းပြောကြားခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက် အဖွဲ့ အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများနှင့် တွေ့ဆုံ၍ သဘာဝဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှူရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများအတွက် လတ်တလော အကျိုးပြု လုပ်ငန်းသာမက ရေရှည်တွင် အကျိုးရှိမည့် လုပ်ငန်း များကို မူဝါဒများချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့် ရှောက်ရေးကို စနစ်တကျ ဆောင်ရွက်နိုင်မှသာ အနာဂတ်အတွက် အရည်အချင်း ပြည့်ဝသော လူသား အရင်းအမြစ်များ ပေါ်ထွက်လာမည်ဖြစ်ရာ ပူးပေါင်း ဆောင်ရွက်ကြမည့် မိဘများ၊ မိသားစုဝင်များကို ဖိတ်ခေါ်၍ အသိပေးပြောကြားခြင်း ဖြစ်ကြောင်း၊ ကလေးငယ်များကို မွေးစမှ အသက်()နှစ်အရွယ်ကို ရှေးဦးအရွယ်ကာလဟုသတ်မှတ်ပါကြောင်း၊ မွေးစမှ အသက်()အရွယ်သည် အလွန်အရေးကြီး ပါကြောင်း၊ ၄င်း အသက်အရွယ်အုပ်စုအတွင်း ကိုယ်ဝန်ဆောင်သည်မှ မွေးဖွားပြီး ကလေး အသက် () နှစ်အထိသည် ကလေး၏ ရက်ပေါင်း (၁၀၀၀) ကာလ ဖြစ်ပြီး ထိုကာလတွင် ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးကာလဖြစ်ပါကြောင်း၊ ဤကာလ၌ မိဘများ၊ မိသားစုများက ရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးအသိမှန်ဖြင့် ပြုစုစောင့်ရှောက်ရန် အရေးကြီးပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေးအသက်()နှစ်အထိ ငွေကြေးထောက်ပံ့ခြင်းနှင့်အတူ အာဟာရပညာပေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးပညာပေးနှင့် မိသားစုစီမံကိန်း ပညာပေးအစီအစဉ်များကို ဖွံ့ဖြိုးမှုအညွှန်းကိန်းများအရ ဦးစားပေးဒေသများအလိုက် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အဆိုပါအစီအစဉ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း မကြာမီ ရောက်ရှိ လာတော့မည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး အဆိုပါအသိများရရှိအောင် မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကလေးကျန်းမာပညာအဖွဲ့၊ ရန်ကုန်ကလေးဆေးရုံကြီးတို့ ပူးပေါင်း၍ ကလေး()နှစ်အရွယ်အထိ ပုံမှန်ဖွံ့ဖြိုးမှုရရန် ဆောင်ရွက်ရန်နည်းလမ်းများ ပါဝင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေသွားမှာဖြစ်ပါကြောင်း၊ မိဘများ၊ အုပ်ထိန်းသူများနှင့် မိသားစုဝင်များက သေချာလေ့လာရန်လိုအပ်ပါကြောင်း၊ နည်းစနစ်မှန်ကန်သောပြုစုစောင့်ရှောက် မှုများဖြင့်လည်း မိခင်ဝိုင်းများ၊ အစိုးရမူကြိုများ၊ ကိုယ့်အားကိုယ်ကိုးမူကြိုများ နှင့်  ပုဂ္ဂလိက မူကြိုများတိုးချဲ့ဖွင့်လှစ် လေကျင့်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်စောင့်ရှောက်ရေးဆရာဖြစ် သင်တန်းများကိုလည်းတိုးချဲ့ဖွင့်လှစ်လျက်ရှိပါကြောင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်များ အတွက် ဆောင်ရွက်ပေးခြင်းသည် အနာဂတ်နိုင်ငံဖွံ့ဖြိုးရေးအတွက် ရေရှည်မျှော်မှန်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများအား ကမ္ဘာ့ ရာသီဥတုပြောင်းလဲလာခြင်း နှင့်အတူ သဘာဝဘေးဒဏ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများသည် ပိုမိုပြင်းထန်လာကြောင်း၊ ထို့အတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့် ပိုမိုထိရောက်သောဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များ ဆောင်ရွက်နိုင်ရန် ဘေးအန္တရာယ်များကိုကြံ့ကြံ့ခံ ရင်ဆိုင်တုန့်ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ်စေရေးစသည့် မူဝါဒ စနစ်သစ်များချမှတ်ကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ကြိုးပမ်းလျက်ရှိကြောင်း၊ ဘေးဖြစ်ပွားပါကလည်း အလျင်အမြန်တုန့်ပြန် ဆောင်ရွက်ပါကြောင်း၊ ဘေးသင့်ဒေသများအတွက် အမြန်ပြည်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ကိုလည်း ဖွဲ့စည်းဆောင်ရွက်နေကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဖွဲ့စည်းထားပြီး လုပ်ငန်းကော်မတီ (၁၂)ခုရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာ အဆင့်ဆင့်တွင်လည်း အဆိုပါကော်မတီများဖွဲ့စည်းထားကြောင်း၊ အဆိုပါလုပ်ငန်းများကို အစိုးရအဖွဲ့တစ်ခုတည်းဆောင်ရွက်၍မရသောကြောင့်  အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ယခုတက်ရောက်လာကြသော လူမှူအဖွဲ့အစည်များကလည်း ညီညီညွှတ်ညွှတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်စေလို ပါကြောင်း၊ ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦများကို သဘာဝဘေးအဖြစ်များသော ဒေသများ၌ ဦးစားပေးဆောက်လုပ်ပေးလျက်ရှိပါကြောင်းနှင့် သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းများလည်း ဖွင့်လှစ်ပေးထားပါကြောင်း၊ လူမှုအဖွဲ့အစည်းများအနေဖြင့် တက်ရောက်စေလိုပါကြောင်းနှင့် ယခုတက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးကလည်း မိမိတို့တိုင်းဒေသကြီးအတွက် သဘာဝဘေးကြိုတင်ကာကွယ်ရေးလိုအပ်ချက်များကို အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာ လှမြတ်သွေးက တိုင်းဒေသကြီးအစိုးရ၏ သဘာဝဘေးစီမံခန့်ခွဲမှု ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက်တက်ရောက် လာကြသော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် များက ပုသိမ်မြို့တစ်ဖက်ကမ်းရှိ ရပ်ကွက် မီးဘေး၊ အမှိုက်စွန့်ပစ်ရန် ခက်ခဲမှု၊ ရေစီးရေလာ ကောင်းမွန်ရေး၊ သဘာဝဘေးလျော့ပါးရေးသင်တန်းများ၊ ဇာတ်တိုက်လေ့ကျင့်ခန်းများ ပိုမို ဆောင်ရွက်နိုင်ရေး၊ ရပ်ကွက်ကျေးရွာ သဘာဝစီမံခန့်ခွဲမှူ ကော်မတီလုပ်ငန်းများ လည်ပတ်နိုင်ရေး၊ သဘာဝဘေးများတွင် မသန်စွမ်းများအတွက် ထည့်သွင်းစဉ်းစားပေးရေး၊ သက်ငယ်မုဒိမ်းမှူများတွင် လျင်မြန်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပိုမိုပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ Maternal and Child Cash Transfer ဆောင်ရွက်ရာတွင် ထိရောက်စွာ ကူညီပံ့ပိုးဆောင်ရွက်နိုင်ရေး၊ အရေးပေါ်လူနာတင် ရေယဉ် ဆောင်ရွက်ပေးနိုင်ရေးတို့ကို  မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး တိုင်းဒေသကြီး လူမှူရေးဝန်ကြီး နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter

Recent News