ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Bangladesh Institute of Peace and Security Studies (BIPSS)နှင့် UNICEF Myanmar အဖွဲ့တို့မှ တာဝန်ရှိသူများက သီးခြားစီ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၆.၆.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Bangladesh Institute of Peace and Security Studies(BIPSS)နှင့် UNICEF Myanmar အဖွဲ့တို့မှတာဝန်ရှိသူများက ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Think Tank တစ်ခုဖြစ်သည့် BIPSS မှ ဥက္ကဌဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ် မနူနီဇူရာမာန်နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရသစ်တာဝန်ယူချိန်မှစ၍ စတင်ကြိုးပမ်းခဲ့မှုများ၊ မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့်ကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များရယူ၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိသွားသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက်  မြန်မာအစိုးရဘက်မှ ဆောင်ရွက်နေ မှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ IDPစခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာ ချမှတ်ရေးဆွဲနေမှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေး ပါသည်။
    အငြိမ်းစားဗိုလ်ချုပ် မနူနီဇူရာမာန်က မြန်မာနိုင်ငံတွင် ပြန်လည်လက်ခံရေးလုပ်ငန်း မအောင်မြင်ရသည့်အကြောင်းရင်းများတွင် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို တစ်ဖက်နိုင်ငံရောက်ဒုက္ခသည်များက မသိရှိခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိတို့ သဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာသူများသည် ပြန်လည်လက်ခံရေးတွင် အကောင်းဆုံးနမူနာ ဖြစ်ကြောင်း၊ လွတ်လပ်စွာသွားလာခွင့်ရရှိရေး၊ အထောက်အထားစာရွက်စာတမ်းများ ရရှိရေး၊ ၄င်းတို့ပိုင်ဆိုင်ခဲ့သည့် မြေယာများတွင်ပြန်လည် စိုက်ပျိုးလုပ်ကိုင်ခွင့် ရရှိရေးတို့ အရေးကြီး ကြောင်း၊ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ မူလနေထိုင်သူများနှင့်လည်း ပဋိပက္ခ များဖြစ်ခြင်း၊ မိုးရာသီရောက်သဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိခြင်းတို့ကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အမြန်စတင်ရန် အရေးကြီးပါကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအနေဖြင့် ဤပြဿနာတစ်ခုကြောင့် ယခင်ရှိခဲ့ဖူးသော ကောင်းမွန် သည့် နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက်စေသင့်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းများ ရခိုင်ပြည်နယ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်မှုမှာလည်း အရေးကြီးပါကြောင်း၊ ပြင်ပမီဒီယာ များ၏ မြန်မာနိုင်ငံအပေါ်ဖော်ပြချက်များမှာ အဆိုးမြင်သဘောဆောင်သည်က များနေ ကြောင်း၊ မြန်မာနိုင်ငံ၏စိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်နေမှုများကို ထိုမီဒီယာများက တိုက်ရိုက် ကြားသိစေလိုကြောင်း၊ ပြဿနာကို နှစ်နိုင်ငံအတူတကွ ဖြေရှင်းသင့်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
    ဆက်လက်၍ UNICEFအဖွဲ့နှင့် တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်နိုင်ရေး တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ Social Protection Costed sector planတွင် ပါဝင်သော အကြောင်းအရာများနှင့် ယင်းအား ကျယ်ပြန့်စွာဖြန့်ချိနိုင်ရေး၊ Maternal and Child Cash Transfer (MCCT) စီမံချက်ဆောင်ရွက်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။

FacebookTwitter

Recent News