ပျဉ်းမနားဘိုးဘွားရိပ်သာတွင် ငွေပဒေသာပင် စိုက်ထူလှူဒါန်းခြင်းနှင့် ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ (၁) -

      လူ့ဘဝတစ်လျှောက်လုံးအတွက် မွေးစမှသည် သက်ကြီးရွယ်အိုအထိ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက် လာစေရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့အနေဖြင့် သက်ကြီးရွယ်အိုများ အတွက်လည်း အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ ပေါ်ထွက်လာမည်ဖြစ်ပြီး ဥပဒေကို အကောင်အထည်ဖော်မည့် နည်းဥပဒေကိုလည်း ရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် အရပ်ဘက်နှင့် လူမှုအဖွဲ့အစည်းများမှ တည်ထောင်ထားသော ဘိုးဘွားရိပ်သာ(၈၁)ခုကို နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြု၍ ငွေကြေး၊ ပစ္စည်းနှင့် သက်ကြီးသူများ ပြုစုစောင့်ရှောက်ခြင်း နည်းပညာများကို ကူညီထောက်ပံ့ပေးလျက်ရှိသကဲ့သို့ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး စံပြဂေဟာတစ်ခုကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရပ်ရွာအတွင်းရှိ အသက်အရွယ် အိုမင်းသော်လည်း စွမ်းဆောင်ရည်ရှိသော သက်ကြီးရွယ်အို များအတွက် သက်ကြီးသူခြင်း ကူညီစောင့်ရှောက်ရေး အစီအစဉ်များလည်း ချမှတ်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း ယနေ့ကျင်းပပြုလုပ်သည့် ပျဉ်းမနားဘိုးဘွားရိပ်သာ ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

      ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နှစ်သစ်အလှူ အဖြစ် ပျဉ်းမနားဘိုးဘွားရိပ်သာသို့ ငွေပဒေသာပင် (၅)သိန်းလှူဒါန်းခဲ့ပြီး ပျဉ်းမနားဘိုးဘွားရိပ်သာမှ ပြုစုစောင့်ရှောက်ထားသော အဘိုး (၁၀)ဦး နှင့် အဘွား (၂၄)ဦးတို့အား နှစ်သစ်ကူးအလှူငွေနှင့် ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

      ပျဉ်းမနား ဘိုးဘွားရိပ်သာတွင် ဇန်နဝါရီ (၁)ရက်နေ့ ရောက်တိုင်း ကျင်းပပြုလုပ်သည့် ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာ များနှင့် အလှူရှင်များမှ ငွေပဒေသာပင် (၁၉၄၆၆၈၀၀)ကျပ် လှူဒါန်းခဲ့ကြပြီး ပျဉ်းမနားမြို့ပေါ်ရှိ သံဃာတော်များအား ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားကို ဘိုးဘွားရိပ်သာဝင်းအတွင်း ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter

Recent News