မသန်စွမ်းကျောင်းများသို့ သွားရောက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

ရန်ကုန်၊ ဒီဇင်ဘာ (၂၈) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံသား အခွင့်အရေးများကို သိရှိပြီး ခံစားရရှိစေရန်နှင့် နိုင်ငံတော်အတွက် တတ်နိုင်သမျှ ပေးဆပ်တာဝန်ထမ်းဆောင်နိုင်စေရန် လူမျိုးဘာသာမရွေး အသက်(၅)နှစ် မှ (၂၅)နှစ်အတွင်း မြန်မာနိုင်ငံသား အမြင်အာရုံ မသန်စွမ်းသူများအား လက်ခံသင်ကြားပေးလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)သို့ သွားရောက်ခဲ့ရာ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း လုပ်ငန်းစဉ်များတွင် အမြင်အာရုံချို့တဲ့သူမျာနှင့် အခြားမသန်စွမ်းသူများက တစ်တပ်တစ်အား ပါဝင်လိုမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ကြီးဌာနက လှူဒါန်းသော ကျပ်(၅)သိန်းအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

      ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းမှ သင်ကြားပြုစု ပျိုးထောင်ပေးနေမှုများ၊ မုန့်ဖုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ ပါသည်။ အဆိုပါကျောင်းတွင် (၂၀၁၆-၂၀၁၇)ပညာသင်နှစ်၌ ကျောင်းသား၊ ကျောင်းသူ (၁၅၄)ဦးအား လက်ခံသင်ကြားပေးလျက်ရှိပြီး (၅၈)ဦးမှာ အခြေခံပညာကျောင်းများတွင် တက်ရောက်လျက်ရှိပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မသန်စွမ်းသူများဘဝတွင် တန်းတူရည်တူစိတ်ချမ်းမြေ့ ပျော်ရွှင်စွာ လှုပ်ရှားရပ်တည်နိုင်ရန် လူမျိုးဘာသာမရွေး မသန်စွမ်းသူများကို လက်ခံပြုစုစောင့်ရှောက်ပေး လျက်ရှိသည့် လှိုင်သာယာမြို့နယ်ရှိ အေးမေတ္တာမသန်စွမ်းရိပ်မြုံသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် အစောင့်ရှောက်ခံကလေးများအား ရင်းနှီးစွာတွေ့ဆုံ၍ ၄င်းတို့၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဖြေရှင်းဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာနက လှူဒါန်းငွေကျပ်(၅)သိန်းအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

      အဆိုပါရိပ်မြုံတွင် မသန်စွမ်းကလေး(၈၉)ဦး အား လက်ခံပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

FacebookTwitter

Recent News