အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေး တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့၊ နေ့လယ် (၁၃ : ၀၀) နာရီတွင် ကျင်းပခဲ့ပြီး အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးအဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ် (၂၈) ဦး တက်ရောက်ခဲ့ကြပါသည်။
    လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာသည် စတုတ္ထနှင့်ပဉ္စမအကြိမ်မြောက်ပူးတွဲအစီရင်ခံစာမှရရှိသည့် အကြံပြုချက် ၅၆ ချက်နှင့် သီးခြားအစီရင်ခံစာတို့မှရရှိသည့် အကြံပြုသုံးသပ်ချက် (၆၄) ချက်အနက် မိမိတို့နိုင်ငံနှင့် သင့်လျော်သည့်အချက်များအပေါ် ထည့်သွင်းစဉ်းစားပြီး နိုင်ငံရဲ့အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ တိုးတက်မှုများကို ဖြေကြားသွားမှာဖြစ်ကြောင်း၊ ယခုအစည်းအဝေးသည်တတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး တတိယအကြိမ် အစီရင်ခံစာမူကြမ်းအပေါ် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ တတိယအကြိမ်အစီရင်ခံစာ မူကြမ်းတွင် မပါဝင်သေးသည့် CEDAW အကြံပြုချက်များကိုလည်း အစည်းအဝေးမှာ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ တစ်ချို့သော အကြံပြုချက်များမှာ မိမိတို့နိုင်ငံ၏ မူဝါဒများနှင့်ကိုက်ညီမှုမရှိသည့်အတွက် ချန်လှပ်ထားခြင်းဖြစ်ကြောင်း၊ အစီရင်ခံစာတွင်ပါရှိမည့် အချက်အလက်များသည် ပြည့်ပြည့်စုံစုံဖြင့် ကျစ်ကျစ်လစ်လစ် ဖြစ်ဖို့ရန်လိုအပ်ပါကြောင်း၊ တတိယအကြိမ် အစီရင်ခံစာမူကြမ်းကို ဆွေးနွေး၍ လိုအပ်ချက်များကို ပြင်ဆင်ပြုစုပြီးလျှင် ဝန်ကြီးဌာနအားလုံးသို့ သဘောထားမှတ်ချက်တောင်းခံ၍ နောက်ဆုံးမူကြမ်းကို ပြုစုသွား မည်ဖြစ်ပါကြောင်း၊ နောက်ဆုံးမူကြမ်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီသို့ အတည်ပြုနိုင်ရေးတင်ပြပြီး လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့်ဆောင်ရွက်၍ လုပ်ငန်းစဉ်များကို Timeline အရ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ CEDAW ရေးသားရေးအဖွဲ့ဝင်များအနေဖြင့် လိုအပ်သည်များ အကြံပြုပေးကြပါ ရန်နှင့် နောက်ဆုံးအစီရင်ခံစာကို အတည်ပြုနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
    ထို့နောက် တတိယအကြိမ် CEDAW အစီရင်ခံစာမူကြမ်းအပေါ် အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးကြပြီး လိုအပ်သည့်အချက်အလက်များအား ဖြည့်စွက်ပေးခဲ့ကြပါသည်။ အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ညနေ (၁၆ : ၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ 

FacebookTwitter