သဘာဝဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ညှိနှိုင်း ဆွေးနွေးခြင်းနှင့် သဘာဝဘေး လုပ်ငန်းများတွင် အသုံးပြုရန် အထောက်အကူပြု ပစ္စည်းများပေးအပ်ခြင်း

မုံရွာ ၊ သြဂုတ်၊ ၁၄

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ချင်းတွင်းမြစ် မြစ်ရေလျှံခြင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဖြစ်သော မုံရွာမြို့ ချင်းတွင်းမြစ် ရေဘေး ကာကွယ်ရေး တာတမံ ပိုမို အဆင့်မြှင့်တင်ရန် လိုအပ်မှု အခြေအနေများကို လိုက်လံကြည့်ရှုခြင်းနှင့် သဘာ၀ ဘေးကြိုတင် ပြင်ဆင်ရေး လုပ်ငန်းများ ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ယခုလိုတွေ့ဆုံရခြင်းသည် အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကိုယ်စား လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသည် သဘာဝဘေး ကျရောက်နိုင်မှု အများဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေကြောင်း၊ ဘေး ကျရောက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကိုလည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်ရန် လိုပါကြောင်း၊ လက်ရှိ ရေဘေးသင့် ဒေသများအတွက်  ဘေးသင့်ဒေသများ အမြန် ပြန်လည် ထူထောင်ရေး ပေါင်းစပ် ညှိနှိုင်းမှုအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နေပြီ ဖြစ်ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပတ်သက်၍ သဘာဝဘေး ကြိုတင် ပြင်ဆင်ရေးအတွက် လိုအပ်ချက်များကိုလည်း အကြံပြု ဆွေးနွေးကြပါရန် ပြောကြားခဲ့ပါသည်။

          ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်း သဘာ၀ ဘေးအန္တရာယ် ကျခဲ့သောဒေသများကို အလျင်အမြန် တုံ့ပြန် ဆောင်ရွက် နိုင်ခဲ့မှုများ၊ ကြိုတင် ကာကွယ်ရေးအတွက် ရေဘေး ကြိုတင် ကာကွယ်ရေးစီမံချက်များ ရေးဆွဲ ဆောင်ရွက်ထားခြင်း၊ ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ထားခြင်း၊ အသက်ကယ်လှေ (၅၄)စီးနှင့် အသက်ကယ်အင်္ကျီ များကို ဖြည့်တင်း ထောက်ပံ့ထားခြင်း၊ ခရိုင်အလိုက် သဘာ၀ ဘေးကျရောက်ပါက အသုံးပြုနိုင်ရန် ကျပ်သိန်း(၁၀၀)စီ ခွဲဝေထောက်ပံ့ပေးထားကြောင်းနှင့် ပြည်သူ၊ လူမှုအဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း  ပြန်လည်ဆွေနွေးခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီး အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီအဖွဲ့ဝင်များက သဘာ၀ ဘေးအန္တရာယ်ကျရောက်ခဲ့မှု၊ တုံ့ပြန် ဆောင်ရွက်ခဲ့မှုများနှင့် ပျက်စီး ဆုံးရှုံးခဲ့မှုအခြေအနေများ၊ သဘာ၀ ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲများ၊ ဇာတ်တိုက် လေ့ကျင့်မှုများ ကြိုတင်ပြုလုပ်ခြင်း၊ သဘာဝဘေးကျရောက်ပြီးပါက မြေပြင်၊ ရေပြင်ရှာဖွေကယ် ဆယ်ရေးအတွက် ရှာဖွေရေး ကိရိယာများ ပြင်ဆင်ထားရှိမှုများ၊ ရှာဖွေ ကယ်ဆယ်ရေး လှေများကို မြို့နယ်များအလိုက် ဖြန့်ဝေထားရှိမှု၊ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဌာန (Emergency Operation Center) ဖွင့်လှစ်ထားရှိ ဆောင်ရွက်နေမှု၊ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ဆေးဝါးများ ကြိုတင်စာရင်းပြုစုထားရှိမှု၊ ရေသန့်ဆေးနှင့် မြွေဆိပ်ဖြေဆေးများ၊ မိုဘိုင်းရေသန့်စက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်က သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေများထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ဤဥပဒေ၊ နည်းဥပဒေ များကိုလည်း ပြည်သူများ သိရှိနားလည် အောင်ဆောင်ရွက် ပေးရန်လည်း တာဝန်ရှိကြောင်း ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ချင်းတွင်းမြစ်ကမ်းဘေးရှိ မီးသတ်တပ်ဖွဲ့ အဆောက်အဦတွင် ကျင်းပပြုလုပ်သော သဘာ၀ ဘေးလုပ်ငန်းများတွင် အသုံးပြုရန် မော်တော်ကား (၂)စီး၊ မော်တော်ဆိုင်ကယ် (၁၅)စီး၊ မော်တော်ဘုတ် (၂)စီး၊ စက်တပ်လှေ (၂၀)စီး၊ အသက်ကယ် အင်္ကျီ(၅၀၀)ထည်၊ ရေစုပ်စက် (၂၀)စုံနှင့် School Cum Shelter (၇)လုံးနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ပြီး ချင်းတွင်းမြစ်အတွင်း မော်တော်ဘုတ်နှင့် စက်တပ်လှေများကို စမ်းသပ်မောင်းနှင် ပြသရာတွင် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့သို့ ရောက်ရှိကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တွေ့ဆုံ၍  သဘာဝဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဖြစ်သော လေပြင်းတိုက်ခတ်မှုနှင့် ငလျင်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ အသိပညာပေး လုပ်ငန်းများ၊ ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်နိုင်ခဲ့မှုနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter