အာရှ-ပစိဖိတ်ဒေသ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာညီလာခံ

         မြန်မာနိုင်ငံသည် အာဆီယံ-ကိုရီးယား အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက် ရေးအစီအစဉ်ကို ဆောင်ရွက်လျက် ရှိသဖြင့် ၂၀၁၀ခုနှစ် သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ကျင်းပ ပြုလုပ်သော ညီလာခံတွင် Help Age International မှ ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်ရန် အဆိုပြု တင်ပြခဲ့ပါသည်။ ယင်း တင်ပြချက်အရ ပြည်ထောင်စု ဝန်ကြီးရုံးမှ တဆင့် နိုင်ငံတော် သမ္မတရုံးသို့ အဆင့်ဆင့် တင်ပြခဲ့ရာ နိုင်ငံတော် သမ္မတရုံးမှ ခွင့်ပြုခဲ့သဖြင့် ရန်ကုန်မြို့၊ ဆီဒိုနား ဟိုတယ်တွင် မေလ (၇) ရက်မှ  (၁၂) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ညီလာခံသို့ မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံ(၂၈)နိုင်ငံမှ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်း ဆောင်ရွက် နေသည့် ကိုယ်စားလှယ် များ၊ ကျွမ်းကျင် ပညာရှင်များ နှင့်သက်ကြီး ရွယ်အို စုစုပေါင်း (၁၂၀)ကျော် တက်ရောက် ခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကျင်းပခြင်း

    ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ (၅၂)ကြိမ်မြောက် ညီလာခံမှ အတည်ပြု ဆုံးဖြတ်ချက်နှင့် (၃၅)ကြိမ်မြောက် လူမှုဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကော်မရှင်တို့၏ ထောက်ခံချက် များအရ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကောင်စီသည် ၁၉၉၇ခုနှစ်၊ ဇူလိုင်လ(၂၁)ရက် နေ့တွင် ဆုံးဖြတ်ချက် ၁၉၉၇/ ၁၈ ဖြင့်    “  International Years of Older Persons towards a society for all ages  ”   ဟူသော ဆောင်ပုဒ်ဖြင့် ၁၉၉၉ခုနှစ်ကို သက်ကြီးရွယ်အို များနှစ်နှင့် အောက်တိုဘာလ (၁)ရက်နေ့ကို အပြည်ပြည် ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။

ရိပ်သာအခြေပြုသက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း

    မြန်မာနိုင်ငံသည် မိသားစု စုပေါင်း နေထိုင်သည့် စနစ်ကို ရှေးနှစ်ပေါင်း များစွာကတည်းက လိုက်နာ ကျင့်သုံးခဲ့သည့် နိုင်ငံဖြစ်ပါသည်။ ဘိုးဘွားရိပ်သာ ထူထောင်ပြီး ခိုကိုးရာမဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းကို ၁၉၁၅ခုနှစ်တွင် ပိုးကုန်သည် ဒေါ်ဦးဇွန်းမှ စစ်ကိုင်းမြို့တွင် မင်းကွန်း ဘိုးဘွားရိပ်သာ စတင် တည်ထောင်ပြီး ဆောင်ရွက် ခဲ့ပါသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး၌ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ တည်ထောင်သော ဘိုးဘွားရိပ်သာ ပေါင်း (၇၀)ကျော် ရှိပြီး ဘိုးဘွားပေါင်း (၃၀၀၀)ကျော်ကို စောင့်ရှောက် ပေးလျှက် ရှိပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် အသိအမှတ် ပြုရန် တင်ပြလာသော ဘိုးဘွား ရိပ်သာများကို စိစစ်၍ အသိအမှတ်ပြုကာ အဆင့်(၃)ဆင့် ခွဲ၍ အောက်ပါအတိုင်း နှစ်စဉ် ထောက်ပံ့ ပေးလျက်ရှိပါသည်။