ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၈)ကျင်းပ

နေပြည်တော်၊  ၃၀.၁၀.၂၀၁၈   

          ဖားကန့်ဒေသရှိရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၈)  ကိုယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တစ်နိုင်ငံလုံးအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့်  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ဖားကန့်ဒေသသည် တရားဥပဒေစိုးမိုးမှု လိုအပ်သောဒေသဖြစ်ပါကြောင်း၊ ဖားကန့်ဒေသတွင် နိုင်ငံအနှံကလာရောက်သောရွှေ့ပြောင်း လုပ်သားများရှိကြောင်း၊ ဤဒေသတွင် မူးယစ်ဆေးဝါးသုံးဆွဲမှု များပြားကြောင်း၊ ထို့ကြောင့် လူမှု ဒုက္ခများ၊ ရာဇဝတ်မှုများထူပြောလျက်ရှိကြောင်း၊ ထိုရွှေ့ပြောင်းလုပ်သားများသည် မြေစာပုံပြိုကျ   မှုကြောင့် သေဆုံးသူဦးရေများပြားလျက်ရှိကြောင်း၊ လူမသေသော်လည်း ဘဝသေနေကြသည့် သူများ များပြားနေကြောင်း၊ HIV/AIDS၊ အသဲရောင် အသားဝါနှင့် နာတာရှည်ရောဂါများလည်း ဖြစ်ပွားလျက်ရှိပါကြောင်း၊ ကလေးသူငယ်များ၏ ကျန်းမာရေး/ပညာရေးထိခိုက်လာပါကြောင်း၊ ထိုကြောင့် ထိုဒေသတွင် ဆောင်ရွက်စရာ ကိစ္စရပ်များ များစွာပေါ်ပေါက်လာပါကြောင်း၊ ထိုကြောင့်လည်း လုပ်ငန်းအဖွဲ့ခွဲများဖွဲ့စည်းပြီးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မြေစာပုံများ ကြောင့် ဥရုချောင်းတိမ်ကောလာခြင်း၊ ချောင်းလက်တက်များပိတ်ဆို့လာခြင်း၊ နှစ်စဉ်ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်လာခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရပါကြောင်း၊ ဖားကန့်ဒေသ သည် သဘာဝဘေးနှင့်လူလုပ်ဘေးသင့်သည့် ဒေသဟုပြော၍ရပါကြောင်း၊ ထို့ကြောင့်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့တွင် “ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ခွဲ (၆)ဖွဲ့ ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် ဝန်ကြီးဌာန တစ်ခုတည်း၊ အစိုးရတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရပါကြောင်း၊ ထို့ကြောင့် အဖွဲ့ခွဲများတွင် ဆက်စပ်ဝန်ကြီးဌာနများဖြင့် ပူးပေါင်းဆောင်ရွက်ရန်စီမံဖွဲ့စည်း ပေးထားခြင်း ဖြစ်ပါကြောင်း၊ အဖွဲ့ခွဲများသည် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး လူမှုအဖွဲ့အစည်းများနှင့် သဟဇာတဖြစ်ရန်၊ ပွင့်လင်းမြင်သာမှုဖြင့် ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ အဖွဲ့ခွဲများ၏ လုပ်ငန်းများသည် များပြားကျယ်ပြန့်သည့် ကိစ္စရပ်များရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များလည်းပါဝင်လာပါကြောင်း၊ ထို့ကြောင့်ဆောင်ရွက်ရမည့် လုပ်ငန်း အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းအဖွဲ့၏ တာဝန်တွင် ရွှေ့ပြောင်း အလုပ်သမားများ၏ မိသားစုများ၊ ထိခိုက်လွယ်အုပ်စုများ (ဥပမာ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ)အတွက် အခြေအနေအဆင့်အတန်းတစ်ခု ရောက်ရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ဂုဏ်သိက္ခာရှိသည့် အသိုက်အဝန်းဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာစွာ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူမှုအသိုက်အဝန်းနှင့် ဂုဏ်သိက္ခာရှိသောလူ့အသိုက်အဝန်း ဖြစ်ပေါ်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးတွင် အလုပ်အကိုင် ဖန်တီးပေးခြင်းနှင့် မြေယာစီမံခန့်ခွဲမှုကိစ္စရပ်များ၊ မြေလွတ်မြေလပ်မြေရိုင်းများတွင် အခြေချ နေထိုင်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခြင်းများ ဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ စီမံခန့်ခွဲပေး သွားမည်ဖြစ်ပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ရာတွင် ပြဿနာအရှိဆုံး မူးယစ်ဆေးဝါး ကိစ္စ၌ မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် အလုပ်အကိုင် အခွင့်အရေးရရှိရေးသည် ဦးစားပေးကိစ္စရပ်ဖြစ်ပါကြောင်း၊ မြေစာပုံအားမှီခိုနေရသည့် လုပ်ငန်းထက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်များရရှိရေးအတွက် ဖန်တီးပေးရမှာ ဖြစ်ပါကြောင်း၊ ဂုဏ်သိက္ခာရှိသည့် အလုပ်အကိုင်မျိုးဖြစ်ရန်လည်းလိုအပ်ပါကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် စီမံချက်များရေးဆွဲထားရန် လိုအပ်ပါကြောင်း၊ မြေယာနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် ရေရှည်စီမံချက်များရှိရမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖော်ဆောင်နေသကဲ့သို့ တရားဥပဒေစိုးမိုးရေး၊ အဂတိတိုက်ဖျက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းအဖွဲ့ခွဲ(၆)ခုမှာဖားကန့်ဒေသ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းအဖွဲ့ခွဲ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ခွဲ၊ မြေယာစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ခွဲ၊ အသက်မွေးဝမ်းကျောင်းသင်တန်းပေးရေးနှင့် အလုပ်အကိုင် ရှာဖွေပေးရေး လုပ်ငန်းအဖွဲ့ခွဲ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ခွဲ၊ ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ခွဲစသည့် လုပ်ငန်းအဖွဲ့ခွဲ အသီးသီးမှလည်း သက်ဆိုင်ရာတာဝန်များကို (၂)လ (၁) ကြိမ် ပြီးစီးဆောင်ရွက်မှု များကို ပြန်လည်သုံးသပ်နိုင်ရန် စုစည်းတင်ပြရန် လိုအပ်ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသောကြောင့် အားလုံးပူးပေါင်းအကြံပေးဆွေးနွေးကြပါရန်ပြောကြားပါသည်။

          ဆက်လက်၍ ပူးတွဲဥက္ကဌ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဥက္ကဌများနှင့် လုပ်ငန်းအဖွဲ့ခွဲ (၆)ခုမှ တာဝန်ရှိသူများကရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေး အကြုံပြုကြပါသည်။

          ၎င်းအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ ဘဏ္ဍာ၊အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်၊၊

FacebookTwitter