ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ ၇/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၃၁.၁၀.၂၀၁၈

          ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏(၇/၂၀၁၈)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

          အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့် အမှာစကားပြောကြားရာတွင် ကော်မတီ၏ လုပ်ငန်းအစည်းအဝေး (၁၆)ကြိမ်ကျင်းပခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားကြုံတွေ့နေရသောလူမှုပဋိပက္ခများ၊ ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့မှုများ၊ လူမှုစီးပွား လိုအပ်ချက်များအတွက် နိုင်ငံတော်အစိုးရ စတင်တာဝန်ယူစဉ် ကာလ ကတည်းက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော် ရေးဗဟိုကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကဥက္ကဌအဖြစ် တာဝန်ယူဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ ဖြစ်စဉ်ဖြစ်ရပ်များ၏ အခြေခံအကြောင်းအရင်းကို ဖော်ထုတ်ဆောင်ရွက်ရန် လိုအပ်မှုအရ မစ္စတာကိုဖီအာနန်ဥက္ကဌအဖြစ် ဆောင်ရွက်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါကြောင်း၊ ကော်မရှင်က အကောင်အထည်ဖော် ဆောင်ရွက် သင့်သည်များကို အကြံပြုခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနဖြင့် ထိုသို့ လုပ်ငန်းများဆောင်ရွက် နေစဉ်တွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့်အတွက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် ရာတွင်အခက်အခဲများ ကြုံတွေ့ရင်ဆိုင်ခဲ့ရပါကြောင်း၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကောင်အထည်ဖော်ဆောင်ရွက် မှုများသည်  ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပါကြောင်း၊ အကြံပေးကော်မရှင်၏ အကြံပြုချက်(၈၈)ချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဦးစားပေးအလိုက် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယင်းဆောင်ရွက်မှုများကို  ပြည်သူသို့ အစီရင်ခံစာ (၃)ကြိမ် တင်ပြနိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ တင်ပြနိုင်ခြင်းသည် ဝန်ကြီးဌာနအသီးသီး၏ မိမိတို့ လုပ်ငန်း ကဏ္ဍအလိုက် ဟန်ချက်ညီညီဆောင်ရွက်နိုင်မှု၊ ရခိုင်ပြည်နယ်အစိုးရနှင့် ရခိုင်ပြည်သူများ ပူးပေါင်း ပါဝင်မှုများ၏ သာဓကတစ်ခု ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ များကို ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းဖြင့်သာ ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်မှု လိုပါကြောင်း၊ ကော်မတီဝင် ဝန်ကြီးဌာနများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော  လုပ်ငန်းအလိုက် ဒေသဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကိုပါ စဉ်းစားပြီး ပူးပေါင်းဆောင်ရွက် သွားကြရန်လိုပါကြောင်း၊ ၎င်းအပြင်  လုပ်ငန်းများအလိုက် မြေပြင် အထိ ကွင်းဆင်းကာ အခြေအနေမှန်များကို သိရှိအောင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ တွေ့ရှိချက်များကို ကော်မတီအစည်းအဝေးများတွင်  ဝိုင်းဝန်းဆွေးနွေး အဖြေရှာနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ကော်မတီပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရှင်းလင်းမှာကြားရာတွင် ကော်မတီအနေဖြင့်  ပြည်သူကို အစီရင်ခံစာ (၃) ကြိမ် တင်ပြနိုင်ခြင်းမှာ ပူးပေါင်းဆောင်ရွက်မှု ကြောင့် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေစဉ်မှာ အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသည့်အတွက် ယနေ့အထိ ဖြေရှင်းဆောင်ရွက်နေရပါကြောင်း၊ နိုင်ငံတကာအနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုများ ကို ဖော်ပြနေမှုမပြုဘဲ ဆောင်ရွက်မှုအားနည်းချက်များကိုသာ ဖော်ပြနေကြပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို အရှိန်အဟုန်ပိုမိုမြှင့်တင်၍ ပိုမိုသိသာ ထင်းရှားစွာ ဖော်ပြနိုင်ပါက   နိုင်ငံတကာ၏ ဝေဖန်မှုများကို ချေဖျက်နိုင်ပြီး အကူအညီများ ပိုမိုရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် အစီအစဉ်အရ ဒုတိယဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊  တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အားသာချက်၊ အားနည်းချက်များ၊ ဆောင်ရွက်ရန် ကိစ္စရပ်များကို အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက်တွင် ကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီးနောက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များအပေါ် အကောင် အထည်ဖော်နိုင်မှု၊ အမှန်တကယ်ပြောင်းလဲမှု၊ ဆောင်ရွက်မှုများတွင် အားနည်းချက်၊ အားသားချက် ဆောင်ရွက်ပြီးစီးမှုရာခိုင်နှုန်း စသည်ဖြင့် ပြည့်စုံစွာဖော်ပြနိုင်ရေး မြေပြင်အထိ ကွင်းဆင်းသွားရောက် စိစစ်ပေးကြပါရန် မှာကြားခဲ့ပါသည်။

          အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပူးတွဲဥက္ကဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊  တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter