ပြည်ပရောက် မြန်မာအသိုက်အဝန်းများမှ UEHRD စီမံကိန်းနှင့် ရေဘေးဒဏ်ခံပြည်သူများအတွက် အလှူငွေများ ပေးအပ်ခြင်းနှင့် UNHCR မှ ဌာနေကိုယ်စားလှယ်လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၃၁.၁၀.၂၀၁၈

မြန်မာနိုင်ငံရေဘေးဒဏ်ခံပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)တို့အတွက် ပြည်ပရောက် မြန်မာအသိုက်အဝန်းများ၏ လှူဒါန်းငွေများကို အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်း အဝေးခန်းမသို့လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူ ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ UEHRD အတွက် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ မြန်မာနိုင်ငံသားများမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၀၀)ကိုလည်းကောင်း၊ မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့ရှိ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် မြန်မာ အသိုက်အဝန်းများမှ လှူဒါန်းငွေ ယူရို (၇၇၇၀)၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ National Humanitarian Fundraising for Myanmar (NHFMM)က အမေရိကန်ဒေါ်လာ (၁၅၀၀၀)၊ ကနေဒါနိုင်ငံ၊ အွန်တာရီယိုပြည်နယ်၊ တိုရမ်တိုမြို့ရှိ မြန်မာအသိုက်အဝန်းများမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၈၂၆၆)ကိုလည်းကောင်း လှူဒါန်းပါကြောင်း ပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လှူဒါန်းကြသော ပြည်ပရောက် မြန်မာအသိုက် အဝန်းများမှ စေတနာရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူမှလှူဒါန်းငွေများကို ပြည်သူ့လက်ဝယ်အရောက် တိုက်ရိုက်အကျိုးရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် UNHCR မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Giuseppe de Vincentiis နှင့်တွေ့ဆုံခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter