နတ်မောက်မြို့၊ မူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေပေးအပ်ပွဲများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်

နတ်မောက်၊ ၄.၁၁.၂၀၁၈

          မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ မူလတန်းကြိုကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်း အနားနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုရန်ပုံငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နတ်မောက်မြို့၊ မူလတန်း ကြိုကျောင်း၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

          အဆိုပါအခမ်အနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ကျောင်းဆောင် သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖြန်းခြင်း၊ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပေးခြင်းနှင့် ကလေးငယ်များကို လက်ဆောင်များ ပေးအပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။

           ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ရာ မိမိတို့အစိုးရအနေဖြင့် လက်ရှိ ပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိသောကိစ္စများကို ဆောင်ရွက်အကောင်အထည်ဖော်ပေး လျက်ရှိသကဲ့သို့ အနာဂတ်ပြည်သူများအတွက်လည်း ပိုမိုကောင်းမွန်သော အခြေအနေ ကောင်းများဖန်တီးပေးခဲ့ရမည်ဖြစ်ပါကြောင်း၊ ယနေ့လူငယ်များကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် ပေးခြင်းသည် အနာဂတ်နိုင်ငံ့တာဝန်များကို လက်ဆင့်ကမ်းအမွေပေးရန်ဖြစ်ပြီး၊ ထိုသို့သော လူငယ်များဖြစ်ထွန်းလာစေရန် ရှေးဦးအရွယ်  ကလေးသူငယ်များကို ကိုယ်ခန္ဓာပုံမှန်ကြီးထွား ရုံသာမက ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုများအတွက် မှန်ကန်သောရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး နည်းလမ်းများဖြင့် မူဝါဒများ၊ မဟာဗျူဟာများကိုလည်း ရေးဆွဲချမှတ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တစ်နှစ်လျှင် မူလတန်းကြိုကျောင်း (၁၀)ကျောင်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံကိန်းများရေးဆွဲလျက်ရှိရာ တစ်နိုင်ငံလုံးတွင် မူလတန်ကြိုကျောင်း (၁၂၃)ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး၊  မူလတန်းကြိုကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိသေးသော အချို့ဒေသများတွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများကို တည်ထောင်ခွင့်ပေးထားပြီး နှစ်စဉ် ဆရာမများ အတွက် လစာထောက်ပံ့ငွေများ၊ နည်းပညာဆိုင်ရာအထောက်အကူများနှင့် သင်ထောက်ကူပစ္စည်း များထောက်ပံ့‌ပေးလျက်ရှိရာ  ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းပေါင်း(၁၀၂၅)ကျောင်း ရှိနေပြီဖြစ်ပါကြောင်း၊ ထို့အပြင် ရပ်ရွာအခြေပြု မိခင်ဝိုင်းများကို တိုးချဲ့ဖွင့်လှစ်လျက်ရှိရာ ယခုအခါ  မိခင်ဝိုင်းပေါင်း (၄၅၃)ဝိုင်းကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက လူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအကျဆုံး အပိုင်းဖြစ်သော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုလုပ်ငန်း (Early Childhood Care and Development Services)ကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့စီးပွားရေး ပညာရှင်များရဲ့သုတေသနပြုချက်အရ စီးပွားရေးလုပ်ငန်းများစွာအနက် ကလေးဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြှုုပ်နှံခြင်းသည် အနာဂတ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူ များစွာ ရရှိနိုင်ပါကြောင်း၊ ကလေးသူငယ်များအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် မူလတန်းကြိုကျောင်း တက်ရောက်ခွင့်ရရှိရေး ပြည်သူများ၊ လူမှုအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

           ထို့နောက် မကွေးတိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီး နတ်မောက်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က မူလတန်းကြိုကျောင်းဖွင့်လှစ်ပေးခြင်း အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ တောင်တွင်းကြီးမြို့နယ်၊ အောင်မြင်သာကျေးရွာ စက်ရေတွင်းတူးဖော် ကုန်ကျငွေ (၂၉.၂၀၀)သန်း၊ ချောက်မြို့နယ်၊ သန်းပင်(မြောက်)ကျေးရွာ စက်ရေတွင်းတူးဖော် ကုန်ကျငွေ (၃၉.၃၉၀)သန်း၊ ဂန့်ဂေါခရိုင်နှင့်သရက်ခရိုင်တို့တွင် ရေတိုက်စားပျက်စီးသွားသော ရေကာဘေး Apron အစိတ်အပိုင်းများ ပျက်စီးမှုပြန်လည်ပြုပြင်ရန်အတွက် (၆၁.၁၈၉)သန်း၊ စလင်း မြို့နယ်၊ ကန်တော်ချောင်း ရေစီးရေလာကောင်းမွန်စေရေး၊ ရေတိုက်စားမှု ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (၈၃.၅၉၀)သန်း၊ မကွေးတိုင်းဒေသကြီးအတွင်း ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် Speed Board (၁)စီး တန်ဖိုးငွေ (၄၆.၁၀၈)သန်းနှင့် မကွေးတိုင်းဒေသကြီးအတွက် ဆိပ်ခံဗောတံတားအတွက် (၁၁၀.၆၈၁)သန်း ၊ စုစုပေါင်းထောက်ပံ့ ငွေကျပ် (၃၇၀.၁၅၈)သန်းတို့ကိုပေးအပ်ရာ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးက လက်ခံရယူ ခဲ့ပါသည်။

        ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး၊ အလှူငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် နတ်မောက်မြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတည်ဆောက်ဖွင့်လှစ်မည့် မြေနေရာအား ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများက အဆောက်အဦတည်ဆောက်မည့် အခြေအနေ များနှင့် လိုအပ်သည်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

            မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျောက်ဆိပ်ဆရာတော်နှင့် ကန်ကြီးရပ်၊ ရွှေဘုံသာကျောင်းတိုက်ရှိ ဘုန်းတော်ကြီးအားသွားရောက်ဖူးမျှော်ကြည်ညို၍ သင်္ကန်းနှင့် အလှူငွေများ ဆပ်ကပ်လှူဒါန်းခြင်း၊ ရှင်အရဟံမဟာဗောဓိရွှေညောင်တော်၊ ပုဗ္ဗာရုံကျောင်းတိုက်ရှိ ဘုန်းတော်ကြီးအား ဖူးမျှော်ကြည်ညို၍ သင်္ကန်း၊ အလှူငွေများဆပ်ကပ်လှူဒါန်းခြင်းနှင့် ရှင်အရဟံမဟာဗောဓိရွှေညောင်တော်နှင့် ပရိဘောဂစေတီတော်တို့အား လှည့်လည်ဖူးမျှော်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

FacebookTwitter