ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နယ်သာလန်နိုင်ငံ၊ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E Mrs. Sigeid Kaag ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ

ရန်ကုန်၊ ၇.၁၁.၂၀၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား နယ်သာလန်နိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး  H.E Mrs. Sigeid Kaag နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး H.E Mr. Wouter Jurgens တို့က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသော နေရပ်စွန့်ခွါ သူများအား နှစ်နိုင်ငံသဘောတူညီချက်ဖြင့်ပြန်လည်လက်ခံမည့်အစီအစဉ်များ၊ နေရပ်စွန့်ခွါ သူများကို ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် ဝန်ကြီးဌာနနှင့် UEHRD စီမံကိန်းတို့မှ ဆောင်ရွက်ထားရှိမှု၊ IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့်မဟာဗျုဟာချမှတ်ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်အတွင်း လူမှုသဟဇာတမျှတဖြစ်ထွန်းရေးအတွက် ဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားခဲ့ရာ နယ်သာလန်နိုင်ငံအနေဖြင့် ၎င်းတို့၏ သဘောထားများ အကြံပြုချက်များကို ရှင်းလင်းတင်ပြပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter