ထူးချွန်မသန်စွမ်းလူငယ်များနှင့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆုတံဆိပ်များပေးအပ်ချီးမြင့်

ရန်ကုန်၊ ၇.၁၁.၂၀၁၈

          ထူးချွန် မသန်စွမ်းလူငယ်များနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူ များအားဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက လူမှုပတ်ဝန်းကျင်နယ်ပယ်အသီးသီးတွင် ဘဝရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိရန်အတွက် ကိုယ်စီကြိုးပမ်းဆောင်ရွက်နေကြရာ မသန်စွမ်းသူများလည်း ပါဝင် ပါကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ရရှိလာသော အောင်မြင်မှုများကို အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုချီးကျူးခြင်းအနေဖြင့် ယနေ့အခမ်းအနားကိုကျင်းပခြင်း ဖြစ်ကြောင်း မသန်စွမ်းသူများနှင့်လူငယ်များ၏ အခန်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ကျောင်းတွင်းပညာသင်ကြားမှုအနေဖြင့် လူတိုင်းအတွက် ပညာရေး၊ လူတိုင်းအကြုံးဝင်ပညာရေး စနစ်များဖြင့် ဆောင်ရွက်နေသကဲ့သို့ နည်းပညာပိုင်းဆိုင်ရာ တွင်လည်း ICT ဖွံ့ဖြိုးတိုးတက်ရေး စင်တာ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် သင်တန်းကျောင်းများနှင့် လူငယ်လေ့ကျင့်ရေးကျောင်းများတွင် အားကစား၊ အနုပညာ ကဏ္ဍများကိုပါ ထည့်သွင်းလေ့ကျင့်သင်ကြားပေးနေပါကြောင်း၊ အဆိုပါကျောင်းများမှ ယခုကဲ့သို့ မသန်သော်လည်းစွမ်းကြသော လူငယ်များပေါ်ထွက်လာ ပါကြောင်း၊ ထူးချွန်များကို မိမိတို့ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဂုဏ်ယူရပါကြောင်း၊ နောက်လာမည့်နှစ်များတွင် လည်းပိုမိုတိုးတက်သော အောင်မြင်မှုများကို ရရှိအောင် ဆက်လက်ကြိုးစားဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာပေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁)ဦးနှင့် အာရှအဆင့် မသန်စွမ်းစစ်တုရင်ပြိုင်ပွဲတွင် တစ်ဦးချင်း ငွေတံဆိပ်နှင့် အဖွဲ့လိုက်ငွေတံဆိပ်ရရှိခဲ့သော မသန်စွမ်းလူငယ်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး ထူးချွန်သူများကိုယ်စား မသန်စွမ်းလူငယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ဒုတိယဝန်ကြီး ဦးစိုးအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မသန်စွမ်းလူငယ်သင်တန်းကျောင်းများမှ ဆရာ/ဆရာမ များ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

FacebookTwitter