ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သီးခြားစီလာရောက်တွေ့ဆုံ

နိုဝင်ဘာ ၁၉၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား  Japan Heart အဖွဲ့ နှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များဖြစ်ကြသော UNHCR ၊ UNICEF တို့မှ ဌာနကိုယ်စားလှယ်များက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက် တွေ့ဆုံနှုတ်ဆက်ပါသည်။

Japan Heart အဖွဲ့နှင့် တွေ့ဆုံရာတွင် မကြာမီကာလက ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ သော ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်တွင် ဆွေးနွေးခဲ့ကြသည့် ဆောင်ရွက်ရန်အချက်များ အနက် တစ်ခုဖြစ်သည့် မျက်မမြင်အနှိပ်ပညာရပ် စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် Japan Heart အဖွဲ့နှင့် ပူးပေါင်းမည့် Blind Medical Massage System Development Project ဆိုင်ရာကိစ္စရပ်များ၊ မျက်မမြင်အနှိပ်ပညာရပ်အား စနစ်တကျသင်ကြားနိုင်ရေး သင်ရိုးညွှန်းတမ်းရေးဆွဲ ဆောင်ရွက်မည့် ကိစ္စရပ်များ၊ မျက်မမြင်အနှိပ်ပညာရပ်နှင့် ပတ်သတ်၍ အရည်အချင်း သတ်မှတ်စိစစ်ခြင်းပြုလုပ်၍ ဂျပန်-မြန်မာ Joint Certificate ထုတ်ပေးနိုင်ရေးကိစ္စရပ်များ၊ မျက်မမြင် အနှိပ်ပညာ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအစီအမံများ၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှေ့ဆက် လုပ်ဆောင်မည့် အဆင့် များနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ပါသည်။

ထို့နောက် UNHCR ဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံအစိုးရနှင့် UNHCR UNDP သို့ နားလည်မှုစာချွန်လွှာ ရေးထိုး၍ ဆောင်ရွက်လျက်ရှိသောကိစ္စရပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် UNHCR တို့အကြား MOU ရေးထိုးဆောင်ရွက်မည့် ကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေးနှင့် ပတ်သတ်၍ မြန်မာနိုင်ငံဘက်မှ နှစ်နိုင်ငံသဘောတူညီချက်အပိုင်း ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ နေရပ်စွန့်ခွာသူများ ဆန္ဒအလျောက် လုံခြုံစိတ်ချစွာဖြင့် ပြန်လည်ဝင်ရောက် နိုင်ရေးအတွက် UNHCR ဘက်မှ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှင့်ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အပြင် မလေးရှား၊ အိန္ဒိယနိုင်ငံတို့ရှိ ချင်းလူမျိုးများ မြန်မာနိုင်ငံသို့ ဆန္ဒအလျောက် ပြန်လည်ပို့ဆောင်ရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံရှိ မြန်မာလူမျိုးများ ပြန်လည်ပို့ဆောင်ရေး ကိစ္စရပ်များတွင် UNHCR မှ ပါဝင် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။


ဆက်လက်၍ UNICEF ဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံရာတွင် ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆောင်ရွက်လျက် ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားလာသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့မှုအစီအစဉ်၊ Maternal and Child Cash Transfer အခြေအနေများနှင့် ကယား၊ ကရင်၊ ရှမ်းပြည်နယ်များ နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိုးချဲ့ဆောင်ရွက် မည့်အခြေအနေများ၊ UNICEF အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သတင်းအချက် အလက်စီမံခန့်ခွဲမှုစနစ် (Management Information System) နှင့်ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေမှုများနှင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေပြဌာန်းနိုင်ရေးဆောင်ရွက်နေမှုများနှင့် ကလေး သူငယ်ကာကွယ်စောင့်ရှောက်မှု၊ ရှေးဦးကလေးသူငယ်ပြုစုစောင့်ရှောက်ရေး ဆောင်ရွက် နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter