ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား(၇၃)ဦးနှင့် လူသားချင်းစာနာသော ထောက်ပံ့ငွေ လွှဲပြောင်း လက်ခံခြင်း

မြဝတီမြို့ ၊ ၁၉.၁၁.၂၀၁၈

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့တွင် မြဝတီမြို့၊ သောင်ရင်းခန်းမ၌  မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနတို့ပူးပေါင်း၍ ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား (၇၃)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း လက်ခံခဲ့သည်။ ထိုသို့ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံရာတွင် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန မှ Inspector General, Ms. Saranpat Anumatrajakit နှင့် Police Immigration Bureau မှ  Commissioner, Police Major General Surachet Hakpan တို့က လိုက်ပါပို့ဆောင်လွှဲပြောင်း ပေးခဲ့ပြီး မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးတေဇ ထွဋ်လှိုင်ထွေးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်း တို့မှ ကြိုဆိုလက်ခံခဲ့ပါသည်။ နေရပ်ထံပြန်လာသူ(၇၃)ဦးအတွက် ထိုင်းနိုင်ငံ၊ လူသားချင်းစာနာသော ထောက်ပံ့ငွေနှင့် ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေစုစုပေါင်း (၆၇၅၅၀၀) ဘတ်ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

နေရပ်ထံပြန်လာသူများအား ပြန်လည်ထူထောင်ရေးဦးစီးဌာန လက်အောက်ရှိ ယာယီ လက်ခံစောင့်ရှောက်ရေး ဂေဟာ၊ မြဝတီ၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ လူငယ်သင်တန်းကျောင်း၊ မော်လမြိုင်နှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ မော်လမြိုင်တို့တွင် ယာယီလက်ခံစောင့်ရှောက် ခဲ့ပါသည်။ ယာယီလက်ခံစောင့်ရှောက်စဉ်ကာလအတွင်း အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းခြင်း၊  ခရီးသွားထောက်ခံစာများ ထုတ်ပေးခြင်းနှင့် နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်နိုင်ရန် စီစဉ်ပေးခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။ (၂၂.၁၁.၂၀၁၈) ရက်နေ့တွင် နေရပ်ထံပြန်လာသူအားလုံးအား မိဘရပ်ထံသို့ ပြန်လည်ပို့ဆောင်အပ်နှံခဲ့ပါသည်။

နေရပ်ထံပြန်လာသူများအတွက် ပြန်လည်ထူထောင်ရေးထောက်ပံ့မှုအစီအစဉ်များကို ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ နောက်ဆက်တွဲစောင့်ရှောက်ခြင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေမှ ပြန်လည်ထူထောင်ရေး အထောက်အပံ့များဆောင်ရွက်ပေးခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

FacebookTwitter