ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများ နှင့် လူငယ်ပရဟိတ ဖွံ့ဖြိုးရေးဂေဟာများသို့သွားရောက်

နေပြည်တော်၊ ၂၀.၁၁.၂၀၁၈

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဝိုင်းမော်မြို့၊ မိုင်းနားကတ်သလစ် တိုက်ပွဲရှောင်စခန်းသို့ ယမန်နေ့ နံနက် ပိုင်းတွင်ရောက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူပြုစေရန် မြန်မာနိုင်ငံငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော အမျိုးသားကျန်းမာရေးကွန်ယက် ဆေးကုသမှု အဖွဲ့၏ဆေးကုသနေမှုအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး မိုင်းနားကတ်သလစ် တိုက်ပွဲရှောင်စခန်းရှိ ဆေးကုသမည့် လူနာများအားတွေ့ဆုံကာ စခန်းတွင်နေထိုင်သော ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၏ လိုအပ်ချက်များကိုရင်းနှီးစွာမေးမြန်းခြင်း၊ ရှင်းလင်းဖြေကြား ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် စခန်းအတွင်းရှိ တိုင်းရင်းသားပြည်သူများအား စားသောက်ဖွယ်ရာများ ဝေငှခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ရှိ ပြန်လည်ထူထောင်ရေးစခန်းတွင် စခန်း အခြေပြုပြန်လည်ထူထောင်ရေးသင်တန်း ဖွင့်လှစ်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး သင်တန်းသား တစ်ဦးချင်း၏ အခြေအနေ၊ လိုအပ်ချက်၊ မိသားစုအခြေအနေ၊ မူလအလုပ်အကိုင်နှင့် ဆက်လက် လုပ်ဆောင်မည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဆွေးနွေးခဲ့ပါသည်။ သင်တန်းသားများကို ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အဓိကရည်မှန်းချက်သည် မူးယစ်သံသရာမှ လွတ်မြောက်ရန် ဖြစ်ကြောင်း၊ ခိုင်မာသောသံဓိဌာန်ချမှတ်ပြီး မိမိကိုယ်ကိုမိမိဘာသာ ကောင်းအောင်ကြိုးစားရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်က မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အမှန်ပြောင်းလဲ အောင်မြင်အောင် ကြိုးပမ်းလျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံအတွက် သားကောင်းများအဖြစ် မျှော်လင့်နေ ကြောင်း၊ မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်တွင်ပါ ထိုအပြောင်းအလဲတွင် ပါဝင်အောင်ဆောင်ရွက်ပေးကြမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ကအစိုးရ လူမှုအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ၊ အလှူရှင်များ၊ မိတ်ဆွေ နိုင်ငံများ၏ အကူအညီများဖြင့် အကောင်းဆုံးအခြေအနေများ ရောက်ရှိအောင် ကြိုးပမ်းပေးနေကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက  မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအတွက် လူသားချင်းစာနာထောက်ပံ့မှုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့်သံရုံး တာဝန်ရှိသူများနှင့်အတူ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ နှင့်ဒေသခံတိုင်းရင်သားများ ပါဝင်တက်ရောက်ခြင်းအတွက် များစွာဝမ်းမြောက်မိ ပါကြောင်း၊ ပူးပေါင်းညီညွတ်မှုကိုပြသခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်နီးချင်းကောင်းပီသစွာ ယခု ကဲ့သို့တိုက်ပွဲရှောင်စခန်းများအတွက် လှူဒါန်းထောက်ပံ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုမည့် ထိရောက်သော ခြေလှမ်းသစ်ဟုယူဆပါကြောင်း၊ တိုက်ပွဲရှောင်စခန်းများ ကြာရှည်တည်တံ့ခြင်းသည် ငြိမ်းချမ်းမှုအလှမ်းဝေးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အနှုတ်လက္ခဏာဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ရစဉ်ကာလအတွင်း နေရသူများအတွက် လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးခြင်းနှင့်အတူ ငြိမ်းချမ်းရေးအတွက် မိတ်ဆွေနိုင်ငံ အနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးခြင်းကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ် Mr. Hong liang ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ထောက်ပံ့မှုမှာ  မြစ်ကြီးနား၊ ဝိုင်းမော်မြို့များနှင့် မြစ်ဆုံဒေသရှိ တိုက်ပွဲရှောင်စခန်း (၇) ခုအတွက်  အိမ်ထောင်စုတစ်ခုလျှင် ဆန်(၁)အိတ်၊ ဆီ(၁)ပုံး၊ စောင်(၁)ထည်တို့ကို ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း (၁,၆၀၀) ခန့်နှင့် ကျပ်သိန်း (၁၂၀) တန်ဖိုးရှိ ဆေးပစ္စည်းများ ဖြစ်ကြောင်းသိရှိရပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကဘူဒမ်း တိုက်ပွဲရှောင်စခန်းနှင့် နေခြည်လူငယ် ပရဟိတ ဂေဟာများသို့သွားရောက်ကာ  စခန်းနေ ရဝမ်တိုင်းရင်းသားပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေဆုံ အားပေးစကားများပြောကြားခဲ့ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ လိုအပ်ချက်များကို တစ်ဦးချင်းစီအတွက် လည်းကောင်း၊ မိသားစုအလိုက် လိုအပ်ချက်များ ကိုလည်းကောင်း ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေးခြင်း၊ လူငယ်ဂေဟာတွင် ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး အခြေအနေများအတွက် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter