ကယန်းလူမျိုးအများစုနေထိုင်ရာ ဒက္ခိဏခရိုင်၊ အရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ကျေးရွာများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ သွားရောက် ထောက်ပံ့

၂၄ နိုဝင်ဘာ နေပြည်တော်

          ကယန်းလူမျိုးအများစုနေထိုင်ရာ ဒက္ခိဏခရိုင်၊ အရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ကျေးရွာများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန က ဆန်ရိက္ခာဘိုးငွေများ၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အလယ်ချောင်း ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်တို့ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့်အဖွဲ့သည် ကိုးတစ်ဘုန်းစိုးထေရဝါဒဗုဒ္ဓဘာသာ သာသနပြုဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမျှော်ကြည်ညို၍ အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

          ဆက်လက်၍ ဒက္ခိဏခရိုင်၊ ကိုးတစ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ရောက်ရှိပြီး ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများကိုတွေ့ဆုံနှုတ်ဆက်၍ ကျောင်းအုပ်ကြီးက လိုအပ်သည်များ ကိုတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဌက ပြန်လည်ညှိနှိုင်းဖြေရှင်းပေးခဲ့ပါသည်။

          ထို့နောက် အခမ်းအနားကျင်းပရာ အလယ်ချောင်းကျေးရွာသို့ရောက်ရှိကြရာ ဒေသခံ ကယန်း တိုင်းရင်းသား/တိုင်းရင်းသူများက ရိုးရာ အတီးအမှုတ်၊အကများဖြင့်ကြိုဆိုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းရင်းသားအရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်သားဒေသများဖွံ့ဖြိုးတိုးတက်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စီမံဆောင်ရွက်လျက်ရှိရာ မြို့ကြီးများနှင့် အလှမ်းဝေးသော ဒေသများသည် လိုအပ်ချက်များစွာရှိနေသည်ကို မိမိတို့အနေဖြင့်နားလည်ပါကြောင်း၊ ယခု ကယန်းဒေသကို လာရောက် ရာတွင်လည်း လမ်းပန်းဆက်သွယ်ရေးလွန်စွာ ခက်ခဲသည်ကို သိရှိခဲ့ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် လတ်တလောစားနပ်ရိက္ခာအခက်အခဲအတွက် လာရောက်ထောက်ပ့ံခြင်း၊ ရှေးဦးအရွယ်ကလေး သူငယ်များ အနာဂတ်နိုင်ငံ့သားကောင်း/သမီးကောင်းများဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မူလတန်းကြို ကျောင်း မဖွင့်လှစ်နိုင်သေးသော ဤဒေသအတွက် မိခင်ဝိုင်း(၅)ဝိုင်းဖွင့်လှစ်ပေးနိုင်ရေးအတွက် ထောက်ပံ့ခြင်း၊ ကယန်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား ထောက်ပံ့ခြင်း၊ ယယန်းမျိုးဆက်သစ်လူငယ်များ အတွက် ထောက်ပံ့ခြင်း၊ ကယန်းလူမှုအဖွဲ့အတွက် ထောက်ပံ့ခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊  ကျေးရွာအတွင်းရှိ အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူများ သို့မဟုတ် တက္ကသိုလ်ဘွဲ့တစ်ခုခု ရရှိပြီးသူများရှိပါက အလုပ်အကိုင်အခွင့်အလမ်းများနှင့် သက်မွေးဝမ်းကျောင်းပညာရပ်များအတွက် ကူညီဆောင်ရွက်ပေးရန်အသင့်ရှိကြောင်း၊ ဒေသခံများကလည်း မိမိတို့ဒေသ၏ လုပ်အပ်ချက်များကို ပွင့်လင်းစွာဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌက ပြောကြားရာ မိမိအနေဖြင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားဒေသများသို့ သွားရောက်ခဲ့ပြီးလိုအပ်ချက်များကို ဖြည့်ဆည်း လျက်ရှိရာ ဤဒေသသို့ ရောက်ရှိခြင်းသည် တိုင်းရင်းသားဒေသများအတွက် တတိယအကြိမ်ဖြစ်ကြောင်း၊ နေပြည်ကောင်စီနယ်မြေမှ ဤဒေသသို့ ပေါက်ရောက်နိုင်သည့် အောင်နန်းချို - အလယ်ချောင်း လမ်းသည် ပြည်သူများခက်ခဲစွာသွားလာနေရသောလမ်းဖြစ်သည်ကို သိရှိကြောင်း၊ ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေများတွင် အခက်အခဲရှိသည်ကိုသိရှိပါကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး နှင့် ကျန်းမာရေးကိစ္စများကို အထူးအလေးပေး ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းနှင့် ဒေသခံများကလည်း မိမိတို့လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အလယ်ချောင်းကျေးရွာ အုပ်စု၊ သစ်တွန်ကျေးရွာအုပ်စု၊ မဲပေါက်ကျေးရွာအုပ်စု၊ ပြည်ထောင်ကိုးကျေးရွာအုပ်စု၊ ဆန့်ဘားကျေးရွာ အုပ်စု၊ ဘို့မကျေးရွာအုပ်စုနှင့် ကိုးတစ်ကျေးရွာအုပ်စုတို့အတွက် ဆန်ရိက္ခာဘိုးငွေကျပ် (သိန်းသုံးရာတစ်ဆယ့်ခုနှစ်သိန်းတစ်သောင်းနှစ်ထောင့်တစ်ရာ) ၊ မိခင်ဝိုင်း(၅)ဝိုင်း ဖွင့်လှစ်ပေးရန်အတွက် ထောက်ပံ့ငွေကျပ် (သုံးဆယ့်ငါးသိန်းနှစ်သောင်းရှစ်ထောင့်တစ်ရာ) ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့အား ထောက်ပံ့ငွေကျပ်(၃)သိန်း၊ ယယန်းမျိုးဆက်သစ်လူငယ်များအား ထောက်ပ့ံငွေကျပ် (၃) သိန်း၊ ကယန်းလူမှုအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် (၃)သိန်း၊ စုစုပေါင်းငွေကျပ် (သုံးရာခြောက်ဆယ် တစ်သိန်းလေးသောင်းနှစ်ရာ)သိန်း ကိုထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့အပြင် ထီးဒေးစတားကုမ္ပဏီက ဆန်အိတ်(၁၀၀) တို့ကို အသီးသီး ပေးအပ်ထောက်ပံ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ရပ်မိရပ်ဖများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

          ဤကယန်းလူမျိုးအများစုနေထိုင်ရာ ဒက္ခိဏခရိုင်၊ အရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ကျေးရွာများ၏ လယ်မြေများတွင် ကြွက်အန္တရာယ်များကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုများကို ခံစားနေပြီး စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရကြောင်း သိရှိပါသည်။ လယ်မြေများအောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်မွန်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလိုအပ်ချက်များ ဖြည့်ဆည်းပေး နိုင်ရေးကို နေပြည်တော်ကောင်စီက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

FacebookTwitter