ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားပေးရေး နှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်

လွိုင်ကော်၊ ၈.၁၂.၂၀၁၈

          ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ မိမိသဘောဆန္ဒ အလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ အနက် ကယားပြည်နယ်တွင် ပြန်လည်အခြေချ နေထိုင်လိုသူများကို ပြန်လည်နေရာ ချထားပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ ထိုင်းနိုင်ငံ ၊ ဘန့်မယ်နန်းဆွယ်စခန်းနှင့် မယ်စူရင်းစခန်းများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက် မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်လည် ဝင်ရောက်လာသူများကို ကယားပြည်နယ်အတွင်း ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေး လုပ်ငန်းများတွင် မိမိတို့ဝန်ကြီးဌာနအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများကပါ ပူးပေါင်းပါဝင်ရမည် ဖြစ်ပါကြောင်း၊ ပြန်လည်နေရာ ချထားပေးရေး စီမံချက်များတွင် ပြန်လည်ဝင်ရောက်လာသူများ၏ ပကတိ အခြေအနေများပေါ်မူတည်၍ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည် ဝင်ရောက်လာသူများ၏ မိသားစုအခြေအနေ၊ ပြန်လည်နေရာ ချထားမည့်အစီအစဉ် အသေးစိတ်ကို ကြိုတင်ညှိနှိုင်းထား ရမည်ဖြစ်ကြောင်း၊ ယခု ကယားပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင်များ အနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ  ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား ခဲ့ပါသည်။

          ထို့နောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက နေရပ်စွန့်ခွာသူ မြန်မာနိုင်ငံသားများ နေရပ်ပြန်လည် ရောက်ရှိလာပါက ၎င်းတို့၏ နေထိုင်ရေး၊ စားဝတ်နေရေး၊ နိုင်ငံသားစီစစ်ရေး လုပ်ငန်းစဉ်များအား စနစ်တကျ စီစဉ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိ မှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဌနှင့်အဖွဲ့ဝင် များက နယ်စပ်ဒုက္ခသည် စခန်း(၂)ခုရှိ ဌာနေတိုင်းရင်းသား (၁၁၉၆၃)ဦး စာရင်းရရှိထားပြီးဖြစ်၍ အားလုံးပြန်လည် ဝင်ရောက်လာပါက ၎င်းတို့၏ ဆန္ဒသဘောအလျောက် မိမိတို့မူရင်းနေရပ် (သို့မဟုတ်) မူရင်းနေရပ်နှင့်အနီးဆုံး(သို့မဟုတ်) ၎င်းတို့ရွေးချယ်သောနေရာများတွင် နေရာ ချထားပေးနိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်း များရရှိရေး၊ လူမှုကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် တို့က ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ကယားပြည်နယ်သို့ပထမအကြိမ် ပြန်လည်ဝင်ရောက် လာသော မိသားစုများအတွက် နေအိမ်များ ဆောက်လုပ်နိုင်ရေး ထောက်ပံ့ပေးနိုင်မည့် အစီအစဉ်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖေါ်ဆောင်ပေးရေး၊ ထောက်ပံ့မှုများ ပေးနိုင်ရေး တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် ကျင်းပသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက မိခင်ဝိုင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း၊ မိုင်းကြောင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ကိုယ်ဝန်ဆောင်ချိန်မှစ၍ ရှေးဦးအရွယ်ကလေးသူငယ်များ အခွင့်အရေး အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးများအားလုံး အသက်ရှင်ပိုင်ခွင့်၊ အစောင့်ရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များ ရရှိအောင် ကိုယ်ဝန်ဆောင် မိခင်နှင့်၎င်းမှမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ခြင်းနှင့် ပညာပေး အစီအစဉ် (MCCT) ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအစီအစဉ်ကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်ရမည်ဖြစ်သော်လည်း ဝန်ကြီးဌာန၏ ခွဲဝေရရှိသော ဘက်ဂျက်ပေါ်မူတည်၍ ဖွံ့ဖြိုးမှုနောက်ကျနေသော ပြည်နယ်များတွင် ဦးစားပေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မှစ၍ ကယားပြည်နယ်အတွက် တိုးချဲ့ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများသည် လတ်တလောတွင် ငွေကြေးကုန်ကျသည့်လုပ်ငန်း ဖြစ်သော်လည်း အကောင်းဆုံးရင်းနှီး မြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း အနာဂတ် နိုင်ငံအတွက်များစွာ အကျိုးပြုကြောင်းကို ကမ္ဘာ့ပညာရှင်များ၏ သုတေသနပြုချက်များအရ သိရှိထားပြီးဖြစ်ကြောင်း၊ ထို့အတွက် ကယားပြည်နယ် အတွင်းရှိ ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စနစ်တကျ ပြုစုလေ့ကျင့် ပေးနိုင်သော မိခင်ဝိုင်းများ ဖွင့်လှစ်ပေးနိုင်ရေးအတွက် ထောက်ပံ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

          ဆက်လက်၍ ကယားပြည်နယ် ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိခင်ဝိုင်းများ တို့ချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ကြေး ငွေကျပ် (၃,၅၂၈,၁၀၀)သိန်း၊ ၂၀၁၈ - ၂၀၁၉  ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ် ကာလအတွက် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၅၁၆)ဦး အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ (၁၅,၄၈၀,၀၀၀)ကျပ်၊ ကယားပြည်နယ်အတွင်းရှိ လူမှုရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် လူမှုရေးအသင်း(၅)သင်းအတွက် ထောက်ပံ့ငွေကျပ် (၁၅)သိန်း၊  ကယားပြည်နယ် အတွင်းရှိ မိုင်းကြောင့် ထိခိုင်ဒဏ်ရာရသူ မသန်စွမ်း( ၇၈)ဦး အတွက် ထောက်ပံ့ငွေကျပ် (၁၅,၆၀၀,၀၀၀) သိန်းအား ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အသီးသီးထောက်ပံ့ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အခမ်းအနား သို့ကိုယ်တိုင် တက်ရောက်လာကြသော မသန်စွမ်းသူများနှင့် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများသို့ ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး မိခင်ဝိုင်းများမှ ကလေးငယ်များအား အာဟာရမုန့်နှင့် ကစားစရာအရုပ်များ ပေးဝေခဲ့ပါသည်။

          ယနေ့ ကယားပြည်နယ်အတွင်း ထောက်ပံ့ကြေးငွေ စုစုပေါင်းမှာ ငွေကျပ် (၃၆,၁၀၈,၁၀၀) ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter