“ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း” နှစ် (၇၀)ပြည်‌့ အထိမ်အမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား

 ရန်ကုန်၊ ၁၀.၁၂.၂၀၁၈

             မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကျင်းပသော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights -UDHR) နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန (IBC)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

            အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ်(၇၀)ပြည်‌့ အထိမ်အမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြက ဖတ်ကြားခဲ့ပါသည်။ ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားရာ လူ့အခွင့်အရေးသည် လူသားအားလုံး၏ မွေးရာပါ ခံစားခွင့်ဖြစ်ပြီး အခွင့်အရေးဟုဆိုရာတွင် ရရှိခံစားပိုင်ခွင့်သာမက ဆောင်ရွက်ပိုင်ခွင့်ပါ ပါဝင်ပါကြောင်း၊ ဆောင်ရွက်ပိုင်ခွင့်သည် ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု အဓိပ္ပါယ်သက်ရောက်ပါကြောင်း၊ လူဟုဆိုရာတွင်လည်း တွေးခေါ်ဉာဏ်ရှိသော သတ္တဝါအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုကြရာ လူ့အခွင့်အရေးသည် အတွေးအခေါ် အမျှော်မြင်ရှိသော လူသားများအတွက် ရရှိခံစားပိုင်ခွင့်နှင့် တာဝန်ရှိမှုကို ဖေါ်ညွှန်းပါကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနေခြင်းသည် ၎င်းတို့၏ရရှိခံစားသင့်သည့် အခွင့်အရေးများကို ဖေါ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း၊ အစိုးရက ဆောင်ရွက်ရန်တာဝန်ရှိသကဲ့သို့ ပြည်သူများကလည်း ဆောင်ရွက်ရန် တာဝန်ရှိ ပါကြောင်း၊ ထို့ကြောင့် အစိုးရနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်၍ လူ့အခွင့်အရေးစံနှုန်းများကို ပြည့်မီအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ရာတွင် လူ့အခွင့်အရေးသည် အတူယှဉ်တွဲပါလာပြီး လူ့အခွင့်အရေးကို မှန်ကန်စွာသိရန်၊ မှန်ကန်စွာ လေးစားမှုရှိရန်နှင့် မှန်ကန်စွာ ကျင့်သုံးနိုင်ရန် တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးသော ကဏ္ဍဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရန် တစ်ဦးချင်းစီ၏ အခွင့်အရေးကိုဖေါ်ဆောင်မည့် မူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများ ချမှတ်ဖေါ်ဆောင်နေရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတိုင်းသည် နိုင်ငံအလိုက် မိမိတို့နိုင်ငံ၏ မူဝါဒလမ်းစဉ်နှင့် ကိုက်ညီမည့် ဥပဒေများကို လိုက်နာရသကဲ့သို့ နိုင်ငံတကာဥပဒေများကိုလည်း လိုက်နာရန်လိုအပ်ပါကြောင်း၊

            ကုလသမဂ္ဂက အလေးအနက်ပြု၍ သတ်မှတ်ထားသော နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်ကြီး (၉)ခုရှိရာ ထိုစာချုပ်ကြီး (၉)ခုကို နိုင်ငံတကာဥပဒေအဖြစ် လေးစားလိုက်နာကြခြင်းဖြစ်ပါကြောင်း၊ ထို စာချုပ်ကြီး (၉)ခုသည် ကမ္ဘာကြီးကိုပိုမိုကောင်းမွန်သော၊ လုံခြုံသော၊ လူမှုစီးပွားသဟဇာတဖြစ်သော၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်သော လူ့အခွင့်အရေးစံနှုန်း ကောင်းမွန်သော ကမ္ဘာကြီးဖြစ်ရန် ဆောင်ရွက်လျက်ရှိရာ ကမ္ဘာနိုင်ငံအများစုသည် ထိုစာချုပ်ကြီးများကို သဘောတူလက်မှတ်ရေးထိုး ဆောင်ရွက်လျက် ရှိကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံအတွက် လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် သဘောတူစာချုပ်ကြီး (ကုလသမဂ္ဂကွန်ဗင်းရှင်း ၄ ခု) ကို လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း၊ ထိုလက်မှတ် ရေးထိုးခဲ့သော ကုလသမဂ္ဂကွန်ဗင်းရှင်း ၄ ခုမှာ “ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ၊ “အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြား မှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ “မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှင့် “စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တို့ ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကို ဥပဒေအရ ထိရောက်စွာ ကာကွယ်မှုများ ပေးနိုင်ဖို့အတွက် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေနဲ့ ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး ခေတ်စနစ်တွေနဲ့အညီ ဥပဒေများကို အသစ်ပြန်လည်ရေးဆွဲ ထားရှိခဲ့ပြီး အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်း ကော်မတီမှာ ညှိနှိုင်းပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း၊

            လက်မှတ်ရေးထိုးထားသော ကွန်ဗင်းရှင်းများနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာများကို ထိထိရောက်ရောက်နဲ့ အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားအဆင်‌့ ကော်မတီ အသီးသီးကိုဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီကို အထောက်အကူပြုစေရန် လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နေပြည်တော် ကောင်စီ၊ ခရိုင်၊ မြို့နယ်အဆင့်အထိဖွဲ့စည်း ဆောင်ရွက်ထား ရှိကြောင်း၊ ယနေ့မျက်မှောက်ခေတ်သည် ကမ္ဘာနှင့်တစ်ဝှမ်းလူ့အခွင့်အရေး ထိပါးချိုးဖေါက်မှု တိုးပွားများပြား နေပြီး တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးစနစ်များအား နည်းလျက်ရှိရာ တရားဥပဒေ အကာအကွယ်ကို တန်းတူညီမျှရရှိရေးမှာ ကျွန်ုပ်တို့အားလုံး လူ့အခွင့်အရေးမြှင့်တင်ခြင်း၊ လူ့အခွင့်အရေး ဆိုင်ရာ အသိပြန့်ပွားစေခြင်းတို့ကို ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း၊                     

            ယနေ့နိုင်ငံတော်တွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကိုအခြေခံ၍ ပေါ်ပေါက်လာသော ကုလသမဂ္ဂ၏ အဓိကလူ့အခွင့်အရေးစာချုပ်ကြီးများအနက် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော လူ့အခွင့်အရေး သဘောတူစာချုပ်ကြီးများ၊ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပါ နိုင်ငံသားအခွင့်အရေးများ၊ နိုင်ငံအချင်းချင်း ချုပ်ဆိုထားသော သဘောတူညီချက်များ စသည်တို့ကို အလေးထားလျက် မိမိနိုင်ငံရှိ ပြည်သူများအတွက် နိုင်ငံတော်က လူ့အခွင့်အရေးကိုလေးစားခြင်း၊ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ခြင်းနှင့် လူ့အခွင့်အရေးဖြည့်ဆည်းပေးရန် စသည်များကို တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အကြံပြု အထောက်အကူ ပြုခြင်းများသည် အရေးပါသော ကဏ္ဍတစ်ရပ်အနေဖြင့် တည်ရှိလျှက်ရှိပြီး ဆက်လက်၍ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။            

            ထို့နောက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် UN Resident & Humanitarian Coordinator, Mr.Knut Ostby တို့က အသီးသီး အမှာစကားပြောကြားခဲ့ကြပါသည်။ 

            ဆက်လက်၍ စာရေးဆရာမ မသီတာ (စမ်းချောင်း)က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပါအဝင် အမျိုးသမီးအခွင့်အရေးနှင့် စပ်လျဉ်း၍ ပြောကြားခြင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဟံသာဝတီဦးအုန်းကြိုင်က သတင်းမီဒီယာအခွင့်အရေးနှင့် စပ်လျဉ်း၍ ပြောကြားခြင်း၊ မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဒုတိယဥက္ကဌ ဦးချစ်နိုင်(စိတ်ပညာ)တို့က အသီးသီးပြောကြားခဲ့ကြပါသည်။

            ထိုနောက် UDHR မှတ်တမ်း Video ပြသခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ်(၇၀) ပြည့် အထိမ်အမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသူ/ ကျောင်းသူများ ကို ဆုချီးမြှင့်ခြင်းများကို ဆက်လက်ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter