မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ၁၁.၁၂.၂၀၁၈

 မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး  ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၂၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရ အကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ သက်ဆိုင်ရာလုပ်ငန်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် Proposal (၂၂)ခုနှင့်ပတ်သက်သည့် အချက် အလက်များကို အသေးစိတ် ထပ်မံဖြည့်စွက်ဆောင်ရွက်ရန်၊ စီမံချက်များ ဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်၊ မြေနေရာလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့ ညှိနှိုင်း ဆောင်ရွက်နိုင်ရေး အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက ပြည်နယ်အစိုးရအနေဖြင့် စာချွန်လွှာပါ Proposal တွင်ပါရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရဦးစီး ဆောင်ရွက်ရမည့် လုပ်ငန်းများအပြင် ပူးပေါင်းလုပ်ဆောင်ရမည့် လုပ်ငန်းများကိုလည်း ကြပ်မတ် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ဖိတ်ကြားထားသော သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter