ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများအား သီးခြားစီ လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၁၁.၁၂.၂၀၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင်၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီးနှင့် ကမ္ဘာ့ဘဏ်အုပ်စုမှ မြို့ပြနှင့် ဘေးအန္တရာယ်လျှော့ချရေး ဆိုင်ရာ စီမံခန့်ခွဲမှု၏ Practice Manager တို့အား သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါသည်။

          ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ Mrs. Christine Schraner Burgener တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊  မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအခြေအနေ၊ ဦးစားပေးလုပ်ငန်းများ ဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ IDP စခန်းများ ပိတ်သိမ်းရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဆောင်ရွက်မှု အခြေအနေများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre တို့်နှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများ၊ လူမှုအသိုက်အဝန်း(၂)ခု အကြား လူမှုသဟဇာတမျှတရေး၊ ယုံကြည်မှုတည်ဆောက်ရေး တို့အတွက် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်မှ မြန်မာပြည်၌ ရုံးဖွင့်လှစ်ထားရှိသည့် အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နေရပ်စွန့်ခွာသူများ ၎င်းတို့ဆန္ဒအလျောက် လူသားဂုဏ်သိက္ခာ ပြည့်ဝစွာဖြင့် ယုံကြည်မှုရှိရှိ ပြန်လာနိုင်ရေးအတွက် မြန်မာအစိုးရဘက်မှ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့(စ်)ဘဇားမြို့ရှိ နေရပ်စွန့်ခွာ သူများထံ ရောက်ရှိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ပြည်သူများ အနေဖြင့် မကျေနပ်ချက်များ၊ သိရှိလိုသော အချက်များနှင့်တိုင်ကြားလိုသော ကိစ္စရပ်များအား ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်း(မြောက်)ဒေသ များရှိ IDP စခန်းများ၏ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မရှင်၏ အကြံပေးအဖွဲ့၊ အဖွဲ့ဝင်ဟောင်း Mr. Roelf Meyer နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်း (၂) ခု အကြား လူမှုသဟဇာတမျှတရေး အတွက် စကားဝိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိရာ မောင်တောမြို့နယ်တွင် ဆောင်ရွက်ခဲ့သော စကားဝိုင်းဆွေးနွေးမှုများ၊ အမျိုးသမီးဖိုရမ်များမှ တွေ့ရှိချက်များ၊ အမျိုးသမီးဖိုရမ်များတွင် အသက်အရွယ်အပိုင်းအခြား ပေါင်းစုံပါဝင်နိုင်ရေးနှင့် ၎င်းတို့၏ တင်ပြချက်များမှ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး၊ ယုံကြည်မှုတည်ဆောက်ရေး စသည့်အဓိက အချက်များ၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရရှိရေးအတွက် National Verification Process အား ဆောင်ရွက်ရန်အတွက် ဘာသာစကား အခက်အခဲအပါအဝင် အဟန့်အတားများအား ဖယ်ရှားနိုင်ရေး စသည့်ကိစ္စများနှင့် အစိုးရမှ ဆောင်ရွက်ထား ရှိမှုများ၊ စကားဝိုင်းဆွေးနွေးမှု စီမံချက်အနေဖြင့် စတင်လုပ်ဆောင်မည့် အခြေအနေများ၊ မောင်တောမြို့နယ်  ပြီးနောက် လူမှုသဟဇာတဖြစ်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် မြို့နယ်များနှင့် ရှေ့ဆက် ဆောင်ရွက်မည့် ကိစ္စရပ်များတို့ကို ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး H.E. Mr. Karen MacArthur နှင့်တွေ့ဆုံ ဆွေးနွေးရာတွင် ကနေဒါနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးစီမံကိန်းများနှင့် ပတ်သက်၍ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိသော စီမံချက်များ၏ နောက်ဆုံးအခြေအနေများ၊ အသစ်တိုးချဲ့ဆောင်ရွက်မည့် စီမံချက်(၃)ခုဖြစ်သော Health Empowerment ၊ Women's Voice and Leadership နှင့် ရခိုင်ပြည်နယ် အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သည့် စီမံချက်များအတွက် ဝန်ကြီးဌာနမှ အကြံပြုလမ်းညွှန်ချက်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ဘေးလျော့ပါးရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကနေဒါနိုင်ငံအစိုးရမှ နည်းပညာထောက်ပံ့မှု အကူအညီပေးမှုများအပေါ် သုံးသပ်ဆွေးနွေးချက်များ၊ ဘေးလျော့ပါးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် Myanmar Action Plan on Disaster Risk Reduction (MAPDRR)နှင့် ချိတ်ဆက်ဆွေးနွေးနိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ နောက်ဆုံးအခြေအနေများ၊ နေရပ်စွန့်ခွာသူများထံသို့ မှန်ကန်သော သတင်းအချက်အလက်များ ရောက်ရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်အသီးသီးရှိ IDP စခန်းများ ပိတ်သိမ်းရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲ ဆောင်ရွက်နေမှုများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများအပါအဝင် ကျွမ်းကျင်ပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက် နေမှုများ၊ ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝန်းများအကြား လူမှုသဟဇာတမျှတရေး၊ ယုံကြည်မှု တည်ဆောက်ရေး ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့နှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ကမ္ဘာ့ဘဏ်အုပ်စုမှ မြို့ပြနှင့် ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စီမံခန့်ခွဲမှု၏ Practice Manager Mr. Abhas Jha ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံရာတွင် ကမ္ဘာ့ဘဏ်၏ ချေးငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ၂၀၁၅ ခုနှစ် ရေဘေးပြန်လည်ထူထောင်ရေးအတွက် Emergency Recovery Credit (ERC) စီမံကိန်း၊ Immediate Response Mechanism စီမံကိန်းအရ တိုးတက်မှု အခြေအနေနှင့် အခက်အခဲ များ၊ ဘေးဖြစ်ဖြစ်ပြီးချင်း ထုတ်ယူနိုင်သည့် ကမ္ဘာ့ဘဏ်၏ Catastrophe Deferred Drawdown Option (Cat DDO) ချေးငွေရယူရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter