ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်ဦးဆောင်သောအဖွဲ့နှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး တို့က အသီးသီးလာရောက်တွေ့ဆုံ

ဒီဇင်ဘာ ၁၃၊ နေပြည်တော်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP ၏ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး ဖြစ်သူ  Mr. Haoliang Xu ဦးဆောင်သောအဖွဲ့နှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne တို့က ယနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ အသီးသီးလာရောက် တွေ့ဆုံ ခဲ့ပါသည်။

        ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံချက်များဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်သို့ သွားရောက်၍ လေ့လာသည့်ခရီးစဉ်မှ လေ့လာတွေ့ရှိချက်များ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှဆောင်ရွက် လျက်ရှိသည့် နောက်ဆုံးအခြေအနေများ၊ ရခိုင်ပြည်နယ်အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ နောက်ဆုံးအခြေအနေများ၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ IDP စခန်းများပိတ်သိမ်းရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးရေးအတွက် UEHRD ကော်မတီမှတစ်ဆင့် လူငယ်လုပ်အားပေးများ ဖြင့်ဆောင်ရွက်မှု၊ ကြက်ခြေနီလှုပ်ရှားမှုဖြင့်ဆောင်ရွက်မှုများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre တို့်နှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့် UNDP၊ UNHCR တို့နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးဆောင်ရွက်မှုအခြေအနေများ၊ UNDP မှ တင်ပြထားသော Quick Impact Projects များနှင့်စပ်လျဉ်း၍ သဘောထားအမြင်များနှင့် ခွင့်ပြုချက်ရရှိရေး ကိစ္စရပ်များ၊ ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် UNDP မှ ပူးပေါင်းပါဝင် နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

        ဆက်လက်၍ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံခြားရေးဝန်ကြီး၏ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ သည့် ခရီးစဉ်မှ တွေ့ရှိချက်များနှင့်သိရှိလိုသည့် အချက်များ၊ ရခိုင်ပြည်နယ်ရှိ ရှိရင်းစွဲ IDP စခန်းများ ပိတ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားအဆင့် မဟာဗျူဟာအား ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်း၍ ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နားလည်မှုစာချုပ် ရေးထိုး၍ ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာဘက်မှ ပြင်ဆင်ထားရှိမှုများနှင့် အဆင်သင့် ဖြစ်နေမှုများ၊ လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံသားဖြစ်ခွင့်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး၊ ပြန်လည် နေရာချထားရေး နှင့်ပြန်လည်ထူထောင်ရေးအတွက် UEHRD စီမံကိန်းက ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ သြစတြေးလျနိုင်ငံ နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter