နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးတွင် အာဆီယံက ပူးပေါင်း ဆောင်ရွက်ရန် အတွက် အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ ၁၈-၁၂-၂၀၁၈

          ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံမှပူပေါင်းဆောင်ရွက်နိုင်ရေးအတွက် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးနှင့် မြန်မာနိုင်ငံအစိုးရ အကြား အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့်(၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့်အညီ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ အာဆီယံ၏ ပူးပေါင်းပါဝင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အစိုးရသစ် တာဝန်ယူချိန်မှ စတင်ကာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် ကော်မရှင်အား ဖွဲ့စည်းဆောင်ရွက်ခဲ့သကဲ့သို့ အကြံပြုချက်များ အကောင်အထည် ဖော်နိုင်ရေးကိုလည်း အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများတွင် တူညီသည့် အချက်များစွာရှိပြီး နှစ်ပေါင်းများစွာ အတူလက်တွဲ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ရာ အပြန်အလှန် နားလည်ယုံကြည်မှုဖြင့် လိုအပ်ချက် ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက် သွားလိုပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်အား ဘက်လိုက်မှုမရှိဘဲ ဓမ္မဓိဌာန်ကျကျ ဆောင်ရွက်လိုပါကြောင်း၊ ယခုဆောင်ရွက်မည့် လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များဖြစ်သည့် ကြက်ခြေနီလှုပ်ရှားမှုများ၊ UNDP၊ UNHCR နှင့် မြန်မာနိုင်ငံအစိုးရ၏ သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်မှုများကို ပိုမိုပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြားနှစ်နိုင်ငံ ကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ပြယုဂ်ကောင်းတစ်ခုကို ဖော်ဆောင်နိုင်မည် ဖြစ်သည့်အတွက် ဒေသတွင်းနိုင်ငံများတွင် သာမက နိုင်ငံတကာအသိုက်အဝန်းတွင် ပါအရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ် Mr. Lim Jock Hoi က မြန်မာနိုင်ငံအစိုးရ အနေဖြင့် အာဆီယံအပေါ်တွင်ထားရှိသည့် ယုံကြည်မှုအတွက်များစွာ ဝမ်းမြောက်ကြောင်းနှင့် အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN ERAT) လုပ်ငန်းစဉ်အရ လိုအပ်ချက် ဆန်းစစ်ဖော်ထုတ်မှု လုပ်ငန်းစဉ်အား သက်ဆိုင်ရာအိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများ၊ ဦးစားပေး အစီအစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ AHA Centre မှ Executive Director ဖြစ်သူ Ms. Adelina Kamel က လိုအပ်ချက်ဆန်းစစ် ဖော်ထုတ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်(TOR)အား ရှင်းလင်းတင်ပြပြီး၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက ASEAN ERAT ပြည်တွင်းသင်တန်း ဖွင့်လှစ် ပို့ချမည့်အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက အကြံပြု ဆွေးနွေးခဲ့ ကြပါသည်။    

အဆိုပါ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံလူမှုရေးနှင့်ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယ အတွင်းရေးမှူးချုပ်၊ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး( ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre)၏ အမှုဆောင်ညွှန်ကြားရေးမှူးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

FacebookTwitter