ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပခြင်းနှင့် ဂုဏ်ပြုခြင်းများ ဆောင်ရွက်

ဒီဇင်ဘာ ၂၀၊ နေပြည်တော်
မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားနှင့် အမျိုးသားအဆင့်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော အဖွဲ့များ အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (ECCDG Working Group) အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းတွင် နေပြည်တော် Hotel Max ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
    အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေး သူငယ် များအား ပြုစုပျိုးထောင်ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနား ဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသော UNICEFနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ အခမ်းအနား အစီအစဉ်များတွင် ပါဝင်ခဲ့ကြသော ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့်၊ တေးသံရှင် အဆိုတော် ဟဲလေး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြောကြား ခဲ့ပါသည်။
    ဆက်လက်ပြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ (ECCD Working Group) နှင့်တွေ့ဆုံရာ၌ ကလေးများ၏ ရှေးဦးအရွယ် အစောပိုင်းကာလတွင် စောင့်ရှောက်မှုကို ပိုမိုအာရုံစိုက်နိုင်မှသာလျှင် လိုလားအပ်သောအခြေအနေထိ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ ကလေးများကို စောင့်ရှောက်ခြင်းဖြင့် ကလေး၊ မိသားစု၊ ပတ်ဝန်းကျင်၊ တိုင်းပြည်အတွက်အကျိုး ရရှိလာမည်ဖြစ်ကြောင်း၊ အသက်အရွယ်အလိုက် ကလေးဖွံ့ဖြိုးမှု အထောက်အကူပြု သည့် ပစ္စည်းများကို ဒေသထွက်ကုန်များအသုံးပြုလျက် ဈေးနှုန်းချိုသာပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် ယခုတက်ရောက် လာကြသော ECCD Working Group Member များဖြစ်သည့် UNICEF၊ ကမ္ဘောဇဘဏ်၊ Myanmar Baptist ၊ Karen Baptist Convention ၊ Save The Children Myanmar ၊ ပန်းပျိုးလက်၊ PLAN International ၊ Volunteer Service Organization ၊ The Leprosy Mission Myanmar ၊ Good Neighbour International စသည့် မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းကူညီ ဆောင်ရွက် ကြရန်ဖြစ်ကြောင်း ပြောကြားပါသည်။
 ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ဆက်လက်လုပ်ဆောင် လိုသည့် လုပ်ငန်းများကို ဆွေးနွေးကြကာ ရေရှည်တည်တံ့ခိုင်မြဲသည့် လုပ်ငန်းစဉ် ဖြစ်ရေး ဆွေးနွေးအကြံပေးခဲ့ကြပြီး ပံ့ပိုးပေးခဲ့ကြသည့် အဖွဲ့အစည်းများကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ အနုပညာရှင် သက်မွန်မြင့်နှင့် တေးသံရှင် ဟဲလေး တို့က မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မိတ်ဆက် ဖြန့်ချိခြင်းအခမ်းအနားနှင့် အမျိုးသားအဆင့်ဆွေးနွေးပွဲတွင် ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter