ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူကုန်ကူးမှုဆိုင်ရာ ၂၀၁၈ခုနှစ်အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက်(၁၀)ချက်အပေါ် ညှိနှိုင်းအစည်းအဝေး တက်ရောက်

ဇန်နဝါရီ ၇၊ နေပြည်တော်

              အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ ၂၀၁၈ ခုနှစ်အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက်(၁၀)ချက်အပေါ်ညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး​ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက် ရေးလုပ်ငန်းများကို ကြိုးပမ်းအားထုတ်ဆောင်ရွက်နေပါကြောင်း၊ အမေရိကန်နိုင်ငံ၏ အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက်အရ Tier အဆင့်သတ်မှတ်ချက် အမျိုးမျိုးဖြင့် မြန်မာနိုင်ငံသည် ရပ်တည်ခဲ့ပါကြောင်း၊ အမေရိကန်နိုင်ငံသည်၎င်းတို့၏ ၂၀၀၀ပြည့်နှစ် လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ (Trafficking Victims Protection Act-TVPA)ပါစံနှုန်းများနှင့် နိုင်ငံများအားကိုက်ညီမှုရှိ/မရှိတိုင်းတာ၍ နှစ်စဉ် အစီရင်ခံစာများ ထုတ်ပြန်ပြီး အဆင့်များသတ်မှတ်၍ အကြံပြုချက်များကို နှစ်စဉ်ထုတ်ပြန် ကြေညာလေ့ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဖြစ်သော လူငယ်များ၏အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးရန်မှာ အရေးကြီး ပါကြောင်း၊ လူကုန်ကူးခြင်းသည် လူမှုကာကွယ်စောင့်ရှောက်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့နှင့်လည်းဆက်စပ်နေကြောင်း၊ တိုက်ပွဲရှောင်စခန်းများနှင့် အခြားဘေးရှောင်စခန်းများမှပြည်သူများမှာ လူကုန်ကူးခံရနိုင်သည့် ဖြစ်နိုင်ခြေ အခြေအနေများ တွေ့ရှိရသောကြောင့် ၎င်းတို့အတွက် အသက်မွေးဝမ်းကျောင်းပညာနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရန်လိုအပ်ကြောင်း၊   မိမိတို့နိုင်ငံနှင့် လူမျိုးအတွက် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်ရာတွင် သတင်းအချက်အလက်များ ကူညီပေးစေရန် ယခုကဲ့သို့ညှိနှိုင်းအစည်းအဝေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများသည် မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများတို့ဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

                   အစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာ၀န်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ထုတ်ပြန်ဖော်ပြနိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဆွေးနွေးညှိနှိုင်းခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

FacebookTwitter