မြစ်ကြီးနားမြို့ ပရဟိတဂေဟာနှင့် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းများ အား ထောက်ပံ့မှုများ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်

ဇန်နဝါရီ ၉ ၊ မြစ်ကြီးနား
    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မေတ္တာရင်ခွင် ပရဟိတဂေဟာနှင့် လယ်ကုန်းဗက်လင် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ကူညီ ထောက်ပံ့ခြင်းလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မေတ္တာရင်ခွင် ပရဟိတဂေဟာ၌ ကလေးသူငယ်များနှင့် တွေ့ဆုံရာ နိုင်ငံတော်အစိုးရက ကလေးသူငယ်များ၏ အခွင့်အရေးများ ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြခြင်းဖြစ်၍ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် အချင်းချင်းညီညွတ်မျှတစွာ ငြိမ်းချမ်းမှုကို ဖော်ဆောင် ကြရန်လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်မှုအားလုံး သာတူညီမျှ ခံစားရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် တက္ကသိုလ်တက်ရောက်နေသူများနှင့် အခြေခံပညာအဆင့် ကျောင်းသား/သူ များအတွက် ထောက်ပံ့ငွေကျပ် ၂,၃၄၄,၀၀၀ိ/-(နှစ်ဆယ့် သုံးသိန်း လေးသောင်း လေးထောင်)၊ ဆန်ဖိုးငွေ၊ စားစရိတ်နှင့် ဝတ်စုံစရိတ် တို့အတွက် ထောက်ပံ့ငွေကျပ် ၁၈,၃၆၀,၀၀၀ိ/- (တစ်ရာရှစ်ဆယ့်သုံးသိန်း ခြောက်သောင်း)၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က တီရှပ်၊ ပုဆိုး၊ ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ စခန်းတာဝန်ရှိသူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသူ/သားများက တေးသီချင်းများဖြင့် ပြန်လည် နှုတ်ဆက်ခဲ့ကြပါသည်။
    ၎င်းနောက် ဂေဟာအတွင်းရှိ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းမှ လှူဒါန်းထားသော ကလေးပျော်နေရာတွင် ကလေးများအားတွေ့ဆုံ၍ အာဟာရမုန့်များနှင့် အရုပ်များဝေငှခဲ့ပြီး ပရဟိတဂေဟာအတွင်း ဆောင်ရွက်ထားသော နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်လေ့လာခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ကုန်းဗက်လင် နေရပ်စွန့်ခွာပြည်သူ များရှိ စခန်းသို့ ရောက်ရှိပြီး စခန်းနေ ပြည်သူများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရက နေရပ်စွန့်ခွာစခန်းများရှိ ပြည်သူများအတွက်  ရပ်တည်မှုနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါတွင် အပစ်အခတ်ရပ်စဲရေးကာလဖြစ်သည့်အတွက် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ပေးရန် စီစဉ်လျက် ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မူလနေရပ်များနှင့် ပြန်လည်နေရာချထားမည့်နေရာများတွင် ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေး အစီအမံများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ထောက်ပံ့ငွေများပေးအပ်ရာ တက္ကသိုလ် တက်ရောက်နေသူများနှင့် အခြေခံအဆင့် ကျောင်းသူ/သားများအတွက် ထောက်ပံ့ငွေကျပ် -၂၆၁၈၀၀၀ိ/-(နှစ်ဆယ့် ခြောက်သိန်း တစ်သောင်းရှစ်ထောင်)၊ ဆန်၊ ဆီ၊ ဆား၊ ပဲ (၁) လစာ ထောက်ပံ့ငွေကျပ် - ၆၈၂၆၈၇၅ိ/- (ခြောက်ဆယ့်ရှစ်သိန်း နှစ်သောင်း ခြောက်ထောင် ရှစ်ရာ ခုနှစ်ဆယ့်ငါးကျပ်)၊ အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ ယာဉ်မောင်း သင်တန်းတို့အတွက် ထောက်ပံ့ငွေကျပ် - ၄၈၅၇၅၀၀ိ/- (လေးဆယ့်ရှစ်သိန်း ငါးသောင်း ခုနှစ်ထောင့် ငါးရာကျပ်)၊ အသက်(၅)နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်မိခင်၊ အမျိုးသမီး ဦဆောင်သောမိသားစုများအတွက် ထောက်ပံ့ငွေကျပ်- ၁၀၅၀၀၀ိ/- (ဆယ်သိန်း ငါးထောင် ကျပ်) တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကလေးငယ်များအား အာဟာရမုန့်များ ဝေငှခဲ့ပါသည်။
ယနေ့ ထောက်ပံ့ငွေ စုစုပေါင်းမှာ ငွေကျပ် ၃၆,၀၅၆,၃၇၅ိ/-( သုံးရာခြောက်ဆယ်သိန်း ငါးသောင်း ခြောက်ထောင့်သုံးရာခုနှစ်ဆယ့်ငါးတိတိ) ဖြစ်ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့အတွင်းရှိ နေရပ်စွန့်ခွာ ပြည်သူများစခန်းရှိရာ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရာတွင် စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများကို စနစ်တကျ ပြန်လည်နေရာချထားမှုဆောင်ရွက်နိုင်ရေး၊ မူလနေရပ် များတွင် ပြန်လည်နေရာချထားနိုင်ရေး၊ မြေယာလုပ်ကိုင်ခွင့် ပြန်လည်ရရှိရေး၊ ပိုမိုကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။ တက်ရောက် လာကြသော အုပ်ချုပ်ရေးမှူးများက စခန်းနေပြည်သူများနှင့်  ဒေသခံပြည်သူများအား ဥပဒေနှင့် အညီ မှတ်ပုံတင်များရရှိရေး၊ မွေးစားရင်းများ မှန်ကန်စွာ ပြုလုပ်ပေးနိုင်ရေး၊ စခန်းရှိ ဘွဲ့ရလူငယ် များအတွက် ပြည်သူ့ဝန်ထမ်းအဖြစ် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် စခန်းများ မပိတ်သိမ်း နိုင်သေးသည့် ကာလအတွင်း စခန်းရှိလူဦးရေနှင့်အညီ နေထိုင်ရာ အဆောက်အဦများ တိုးချဲ့ ပေးရေးတို့ကို တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြပါသည်။
    ယမန်နေ့ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ အထွေထွေ ရောဂါကုဆေးရုံကြီး၊ အရိုးကုသဆောင်၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော တနိုင်းဒေသမှ မိုင်းထိလူနာအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
    ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီးနှင့်  ဝန်ကြီးဌာနမှတာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter