ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိခင်ဝိုင်းများဖွင့်လှစ်ခြင်း၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အို ထောက်ပံ့ခြင်းများ ဆောင်ရွက်

ယင်းမာပင်၊ ဇန်နဝါရီ ၁၂

          စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်များတွင် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ဆောင်ရွက်ပေးခဲ့ ပါသည်။

          ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်း ၊  ဝန်ကြီးဌာနက တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက  မြင်းမူမြို့နယ်၊ ရွှေဂူကြီးဘုရားဓမ္မရုံ၌ ကျင်းပသော မြင်းမူမြို့နယ် အတွင်းရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့်မိခင်ဝိုင်းများအား ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် လာကြသော အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများနှင့် မသန်စွမ်းများအတွက် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်ခြင်း၊ ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရ ပဲနို့များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၆၆၆)ဦး အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်(၁၉,၉၈၀,၀၀၀)-တစ်ရာကိုးဆယ့် ကိုးသိန်းရှစ်သောင်း၊ မသန်စွမ်း (၂၇၆)ဦး အတွက် ထောက်ပံ့ငွေကျပ် (၈,၂၈၀,၀၀၀) - ရှစ်ဆယ့်နှစ်သိန်းရှစ်သောင်း၊ မိခင်ဝိုင်းများဖွင့်လှစ်ရန် အတွက် ထောက်ပံ့ငွေကျပ် (၃,၆၀၃,၁၀၀) - သုံးဆယ့်ခြောက်သိန်း သုံးထောင့်တစ်ရာ၊ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း (၂)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁,၄၀၀,၀၀၀)- ဆယ့်လေး သိန်းတို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာ၊ လောကနန္ဒာကျောင်းတိုက်သို့ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော်အား ဖူးမျှော်ကြည်ညို၍ သင်္ကန်းနှင့်အလှူငွေများဆပ်ကပ်ခဲ့ပါသည်။ ထို့နောက် ကျောင်းတိုက်ဓမ္မာရုံကြီးတွင် ကျင်းပသော လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၆၃၂)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၁၈,၉၆၀,၀၀၀) - တစ်ရာရှစ်ဆယ့် ကိုးသိန်း ခြောက်သောင်း၊ မသန်စွမ်းသူ (၁၀၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃,၀၃၀,၀၀၀) - သိန်းသုံးဆယ့်သုံးသောင်း၊ မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (၃,၆၀၃,၁၀၀) -သုံးဆယ့်ခြောက်သိန်း သုံးထောင့်တစ်ရာတို့ကို အသီးသီးထောက်ပံ့ပေးခဲ့ပြီး ကလေးငယ်များ အတွက် ကစားစရာအရုပ်များနှင့် အာဟာရပဲနို့များ ဝေငှပေးခဲ့ပါသည်။ ထို့နောက်ယင်းမာပင်မြို့၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းသို့ သွားရောက်ကြည့်ရှု ခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုလဲမြို့နယ်၊ လက်တောင်းကြီးကျေးရွာရှိ  အထက်တန်းကျောင်းသို့ရောက်ရှိကြပြီး ပုလဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၅၆၀)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၁၆,၈၀၀,၀၀၀) - တစ်ရာခြောက်ဆယ့် ရှစ်သိန်း၊  မသန်စွမ်း (၈၆၄)ဦးအတွက် ထောက်ပံ့ငွေကျပ် ( ၂၅,၉၂၀,၀၀၀) - နှစ်ရာငါးဆယ့် ကိုးသိန်း နှစ်သောင်း၊ မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (၃,၆၀၃,၁၀၀) - သုံးဆယ့်ခြောက်သိန်းသုံးထောင့်တစ်ရာ တို့ကို အသီးသီးထောက်ပံ့ပေးခဲ့ ပါသည်။ ထို့နောက် ပုလဲမြို့ရှိ သမိုင်းဝင်ဆင်မြတ်ရှင်ဘုရားအား သွားရောက်ဖူးမျှော် ကြည်ညို၍ အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။

          အဆိုပါအခမ်းအနားများတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရကတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကောင်ထည်ဖေါ်လျက်ရှိရာ ဝန်ကြီးဌာန ၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များသည် အဓိက အထောက်ကူပြု လျက်ရှိပါ ကြောင်း၊ ကလေးငယ်ဘဝမှ သက်ကြီးရွယ်အိုအထိ တစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုး တက်ရေးကို နည်းစနစ်ကျစွာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကာကွယ် စောင့်ရှောက်မှုဖြင့် သာတူညီမျှခံစားရရှိစေရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ လူသားဘဝအစ ရက်ပေါင်း (၁,၀၀၀) ကာလအတွင်း ကိုယ်ခန္ဓာပုံမှန်ကြီးထွားခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးမှု ရရှိအောင် ဆောင်ရွက် ပေးခြင်း၊ရင်ခွင်မဲ့ကလေးငယ်များလျော့ချခြင်းနှင့်ကာကွယ်စောင့်ရှောက်ခြင်း၊ ရှေးဦးအရွယ်ကလေး သူငယ်များအတွက် နေ့ကလေးထိန်းဌာနများ၊ မူလတန်းကြို ကျောင်းများတိုးချဲ့ဖွင့်လှစ်ခြင်း၊ ကျောင်းနေအရွယ်ကလေးငယ်များ ရာနှုန်းပြည့် ကျောင်းရောက်ရှိ စေရေးနှင့် ကျောင်းထွက်မှုနှုန်း ကျဆင်းစေရန် မိသားစုထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အမျိုးသမီးငယ်ရွယ်သူများ၊ အမျိုးသမီးများနှင့် လူငယ်များ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်း များ၊ သက်ကြီးရွယ်အိုများအား စောင့်ရှောက်ခြင်း၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများကို ကာကွယ်တားဆီးရေးနှင့် ထိရောက်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၊ သဘာဝဘေး၊ လူ့ကြောင့်ဖြစ်သောဘေးများ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာ စီမံဆောင်ရွက်ခြင်းများသည် လူမှုစီးပွားတိုးတက်ရေး၏ အဟန့်အတားများကို ကျော်လွှားစေပြီး နိုင်ငံတော်က အဓိကရည်မှန်း သည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးမြှင့်တင် လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          ယနေ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထောက်ပံ့ငွေစုစုပေါင်းမှာ ကျပ် (၁၀၅,၁၇၉,၃၀၀) - တစ်ထောင့်ငါးဆယ့်တစ်သိန်းခုနှစ်သောင်းကိုးထောင် သုံးရာ ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter