ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဇန်နဝါရီ ၁၇၊ နေပြည်တော်
    ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးစကား ပြောကြား ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေး နှင့်ပတ်သက်၍ လတ်တလော စားဝတ်နေရေး ပြေလည်အောင်ထောက်ပံ့မှုများတွင် မှန်ကန်သော စာရင်းဇယားများအတိုင်း ထောက်ပံ့မှုများဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အတွက် သန့်ရှင်းသော သောက်သုံးရေးရရှိရေး၊ ယာယီတဲများနှင့်ယင်လုံအိမ်သာများ အသုံးပြုနိုင် ရေး၊ ရွေ့လျားကျန်းမာရေးဝန်ဆောင်မှုဆေးခန်းဖြင့် စီစဉ်ဆောင်ရွက်နိုင်ရေး၊ ပညာရေး ဆက်လက်သင်ကြား တက်ရောက်နိုင်ရန်အတွက် စီမံဆောင်ရွက်ပေးနိုင်ရေး၊ တိုက်ပွဲရှောင် စခန်းများတွင် လုံခြုံရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ပျောက်ဆုံး သွားသော မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ အမြန်ဆုံးပြန်လည်ရရှိအောင်စိစစ်ဆောင် ရွက်ပေးနိုင်ရေး၊ တိုက်ပွဲရှောင်စခန်းများတွင် ယာယီစာဖတ်ခန်းများ ဖွင့်လှစ်ပေးနိုင်ရေး၊ လိုအပ်သော စားနပ်ရိက္ခာများကို စနစ်တကျထောက်ပံ့ပေးနိုင်ရေးနှင့် စခန်းများတွင် စီမံခန့်ခွဲမှု ဆိုင်ရာ အဖွဲ့ကို စနစ်တကျဖွဲ့စည်းပြီး ပြည်နယ်အစိုးရမှ တာဝန်ယူညှိနှိုင်းဆောင်ရွက်နိုင်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ရာ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ၎င်းတို့တာဝန်ယူဆောင်ရွက်ရ သည့်ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောကြား ခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter