ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် မိခင်ဝိုင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များ၊ ပရဟိတဂေဟာများကို ထောက်ပံ့ခြင်းများဆောင်ရွက်

ဖေဖော်ဝါရီ ၁၀၊ အမ်း
    ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် အမ်းမြို့အတွင်း မိခင်ဝိုင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပရဟိတဂေဟာများကို ထောက်ပံ့ခြင်းများဆောင်ရွက်ခဲ့ပါ သည်။
    ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများလိုက်ပါလျက် အမ်းမြို့၊ ရွှေအမ်း တောင်ခန်းမ၌ကျင်းပသော ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက တည်ငြိမ်အေးချမ်းရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးသည် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့်အတွက် နိုင်ငံတော်အစိုးရက မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာများရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို လူ့ဘဝစက်ဝန်းအစမှစ၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းမဟာဗျူဟာရေးဆွဲ၍ ရှေးဦး အရွယ်ကလေးငယ်များအတွက် မိခင်ဝိုင်းများ၊ နေ့ကလေးထိန်းကျောင်းများနှင့် မူလတန်းကြို ကျောင်းများတွင် စနစ်တကျ ပြုစုလေ့ကျင့်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများအတွက် ဥပဒေ၊ နည်းဥပဒေများ ဖေါ်ဆောင်ပြီးဖြစ်၍ ကနဦးထောက်ပံ့မှုများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ထောက်ပံ့ရာတွင် ပြည်သူ့ဘဏ္ဍာငွေများကို ပြည်သူ့ထံသို့ အလေအလွင့်မရှိအောင် စနစ်တကျပြန်လည်ပေးအပ်နေခြင်းဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ အတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ်များချမှတ်ခြင်း၊ ဘေးဖြစ်ပွားပါက အလျင်အမြန် တုံ့ပြန် ဆောင်ရွက်ခြင်းနှင့် မူလအခြေအနေထက်ပိုမိုကောင်းမွန်သော ပြန်လည်ထူထောင်ရေး လုပ်ငန်း တို့ကို ဆောင်ရွက်ရပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးပါသောကြောင့် တည်ငြိမ်အေးချမ်းမှုရရှိရန် ဒေသခံပြည်သူများ၊ အစိုးရနှင့် လူမှုအဖွဲ့အစည်းများ အားလုံးစည်းလုံးညီညွှတ်စွာပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့ဦးကျောင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ အတွက် ထောက်ပံ့ငွေကျပ် (၇,၃၅၀,၀၀၀)၊  အနောက်ပိုင်း(တိုင်းရုံး) ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းနှင့် တပ်တောင်စံပြ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများအတွက် ထောက်ပံ့ငွေကျပ် (၁,၄၀၀,၀၀၀)၊ အနှိုင်းမဲ့ ကရုဏာရှင် လူမှုကူညီရေးအသင်း၊ မေတ္တာအေးရိပ် နာရေး ကူညီရေးအသင်း၊ မြတ်ဒါန သွေးလှူရှင်အသင်း၊ မြင့်မြတ်သောနှလုံးသား သာရေးနာရေးအသင်း၊ အမ်းမြို့နယ် အငြိမ်းစားများ လူမှုကူညီရေးအသင်း၊ ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း၊ လူမှုဘက်စုံဖွံ့ဖြိုးရေး အသင်း၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတအသင်းနှင့် အနန္တမေတ္တာ လူငယ်များ ပရဟိတအသင်းများအတွက် တစ်သင်းလျှင်ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)နှင့် မိခင်ဝိုင်း(၃)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် (၁,၈၁၈,၁၀၀) တို့ကို အသီးသီးပေးအပ်ရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးငယ်များ၊ မိခင်များ၊ ရပ်မိရပ်ဖ များနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။
    ယနေ့ အမ်းမြို့အတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မိခင်ဝိုင်းများနှင့် ပရဟိတ ဂေဟာများအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၃,၂၆၈,၁၀၀) ဖြစ်ကြောင်း သတင်းရရှိပါသည်။

    

 

FacebookTwitter