လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ဖေဖော်ဝါရီ ၁၅၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက မြန်မာနိုင်ငံရှိ (၁၂) လရာသီများ၌ တပို့တွဲလသည် အအေးဓါတ် အမြင့်ဆုံးကာလဖြစ်ပြီး အသားအရေ အဆီဓာတ် ခန်းခြောက်ချိန်ဖြစ်ကာ ဆီနိုင်သော အပူဓာတ်စာ ထမနဲကို စားသုံးခြင်းဖြင့် အသားအရေ စိုပြေလာစေခြင်း၊ ထမင်းနဲထိုး ပြိုင်ပွဲကြောင့် ဝန်ထမ်းများ ချစ်ကြည်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းလာစေပြီး မြန်မာ့ရိုးရာဓလေ့ ဖြစ်သော ထမင်းနဲထိုးပွဲကိုအစဉ်အလာမပျက်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ် မှုကို အခြေခံ၍ မိမိတို့ဌာန လုပ်ငန်းတာဝန်များ ယခုထက်ပိုမို အောင်မြင်စွာဆောင်ရွက် နိုင်ရန် ရည်ရွယ်ပါကြောင်း၊ ထမင်းနဲထိုးပြိုင်ပွဲမှ စုပေါင်းလုပ်ဆောင်မှုအားကြောင့် မိမိတို့ လုပ်ငန်းခွင်တွင်  ပိုမိုကောင်းမွန်သော ရလာဒ်များရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ ဝန်ကြီးဌာန ထမနဲထိုးပြိုင်ပွဲကို မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် အသင်းများက အားတက်စွာ တက်ညီလက်ညီ ယှဉ်ပြိုင်ခဲ့ကြပါသည်။ ထို့နောက် အကဲဖြတ် အမှတ်ပေးဒိုင်များက စစ်ဆေးအမှတ်ပေးပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိသောအသင်းများအား အသီးသီး ဆုချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။

 

FacebookTwitter