အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခြင်းဆိုင်ရာ အရေးပါမှု အထိမ်းအမှတ် ဧည့်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြား

မတ်လ ၈ ရက်၊ နေပြည်တော်
    Joint Peace Fund ၏ ပံ့ပိုးမှုဖြင့် ကနေဒါနိုင်ငံ၊ European Union နှင့် အီတလီနိုင်ငံ သံရုံးတို့က ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခြင်းဆိုင်ရာ အရေးပါမှု အထိမ်းအမှတ် ဧည့်ခံပွဲကို ယနေ့ညနေ၅ နာရီခွဲတွင် နေပြည်တော်၊ Kempinski Hotel ၌ ကျင်းပပါသည်။
    အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးခင်မောင်တင်နှင့်ဦးတင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
     အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို MICC-2 မှာ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ဒီနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ ခွင့်တူညီရေး စဉ်းစားလို့၊ စွမ်းရည်မြှင့်ရေးအလေးပေးဖို့၊ ပြောင်းလဲမှုကို ဖန်တီးစို့” ဆောင်ပုဒ်ဟာ ယနေ့ခေတ် အခြေအနေ ကို များစွာထင်ဟပ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာမှာဖြစ်စေ၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာဖြစ်စေ၊ ကျား/ မ ရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရာမှာဖြစ်စေ ယခုနှစ်ဆောင်ပုဒ်နှင့်အညီ ဆန်းသစ်သော နည်းလမ်းများကို ဖော်ထုတ် ဆောင်ရွက်ခြင်းဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့်တန်းတူ ကဏ္ဍစုံလုပ်ငန်းနယ်ပယ်မှာ တန်းတူညီမျှ ပါဝင်ခွင့်ရရှိစေရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို အစိုးရဌာနများသာမက အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများကိုပါ ထည့်သွင်းဖွဲ့စည်း ထားပြီး နိုင်ငံတော်အဆင့်လုပ်ငန်းယန္တရားကြီးတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကော်မတီက ချမှတ်ထားသော မူဝါဒများနှင့်အညီ နည်းပညာအဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် ကျား/ မ တန်းတူညီမျှရေးအတွက် အထောက်အကူပြုမည့် Gender Budget  ထည့်သွင်းထားသော လုပ်ငန်းစီမံချက်များရေးဆွဲခြင်း၊ မူဝါဒနှင့် ဥပဒေများကို ပြန်လည်လေ့လာသုံးသပ်ခြင်း၊ ပြင်ဆင်ရေးဆွဲခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်လျက်ရှိရာအဆိုပါ လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေနိုင်ရန် ကြိုးပမ်းလျက် ရှိပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံအစည်းအဝေးမှ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ထောင်နိုင်ရေးအတွက် ပြည်ထောင်စုသဘောတူညီချက် (Union Accord) အပိုင်း(၂)တွင် ကျား/ မ တန်းတူညီမျှရေး၊ အမျိုးသမီးစွမ်းပကားမြင့်မားရေးတို့ကို မူဝါဒ၊ ဥပဒေ များဖြင့် ဆောင်ရွက်ရန်ပါရှိပြီးဖြစ်ကြောင်း၊ အမျိုးသမီးများ၏ဘဝ အမှန်တကယ်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အားလုံးပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
    ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး Mrs.Alessandra Schiavo၊ ကနေဒါ နိုင်ငံသံအမတ်ကြီး Ms.Karen MacArthur နှင့် European Union သံအမတ်ကြီး Mr.Kristain Schmidt တို့က နှုတ်ခွန်းဆက်စကားပြောကြားကြပါသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများအား Quartetto Viotti concert ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။
    

 

 

FacebookTwitter