အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

မတ်လ ၁၀၊ ရန်ကုန်
    အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် (စမ်းချောင်းသာကွင်း)၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
    အဆိုပါအခမ်းအနားတွင် Project K မှ အဖွင့်သီချင်းဖြင့် ဖျော်ဖြေခဲ့ပါသည်။ ထို့နောက် ဂုဏ်ပြု အမှာစကားကို ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို နိုင်ငံတော်အဆင့်လုပ်ငန်းယန္တားရားကြီးတစ်ခုအဖြစ်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် လိုအပ်သော မူဝါဒများ၊ ဥပဒေများ ချမှတ်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း အမျိုးသမီးရေးရာကိစ္စများနှင့် ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ လုံးဆိုင်ရာအမျိုးသမီးကော်မတီတွင် ဆက်စပ်ဝန်ကြီးဌာနများ၏ ဌာနဆိုင်ရာများ သာမက အမျိုးသမီး အရေးတက်ကြွစွာလှုပ်ရှားလျက်ရှိသော အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်း များပါဝင်ဖွဲ့စည်းထားရာ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းလည်းပါဝင်ပါကြောင်း၊ အမျိုးသမီးများအား နိုင်ငံရေးနှင့်စီးပွားရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ အနေဖြင့် အမျိုးသမီးများ၏ပါဝင်မှုတိုးမြှင့်ပေးနိုင်ရန်နှင့် အမျိုးသမီးများ၏ စီးပွားရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ များတွင် ဆုံးဖြတ်ချက်ချနိုင်ရန် အခွင့်အရေးများကို အပြည့်အဝ လုပ်ဆောင်နိုင်သောမူဝါဒ၊ ဥပဒေများ ချမှတ်ပေးနိုင်ရေးနှင့် အတားအဆီးဖြစ်စေမှုများကို ကျော်လွှားနိုင်ရန် Awareness အစီအစဉ်များ၊ Capacity Buildingများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းအမျိုးသမီးများ လည်းပါဝင်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အစိုးရအနေဖြင့် မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၏ အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အမျိုးသမီးများ ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်မှုများကို အသိအမှတ်ပြုပါကြောင်းနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ပါရန်တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် မြန်မာအမျိုးသမီးစီးပွားရေးစွမ်း ဆောင်ရှင်များအသင်းတည်ထောင်သူ နာယကတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား အသီးသီးပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ကြွရောက်လာကြသောအဖွဲ့များနှင့် မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပွဲဖြစ် မြောက်ရေးအတွက် ပံ့ပိုးကူညီကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပါသည်။
    ထို့နောက် MWEA အသင်းဥက္ကဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်တွင်း ချည်ထည်များဖြင့် ဖန်တီးထားသောဝတ်စားဆင်ယင်မှုပြပွဲနှင့် တေးဂီတဖျော်ဖြေပွဲများဖြင့် ကြွရောက် လာကြသူများအား ဖျော်ဖြေခဲ့ပါသည်။
     ယမန်နေ့ကလည်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲနှင့် Champion for Gender Equality Award ပေးအပ်ပွဲအခမ်းအနားကို မဟာဗန္ဓုလပန်းခြံ၌ ကျင်းပခဲ့ရာ  ပြည်ထောင်စု  ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။
    အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ကို ဆက်စပ်ဝန်ကြီးဌာနများသာမက  အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း များဖြင့်ဖွဲ့စည်းထားပြီး နိုင်ငံတော်အဆင့်လုပ်ငန်းယန္တားရားကြီးတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများ၏အရေးကို တက်ကြွစွာလှုပ်ရှားနေသည့် တခြားအဖွဲ့အစည်းများလည်း အဆိုပါ ကော်မတီတွင်ဝင်ရောက်နိုင်ပါကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် စွမ်းဆောင်နိုင်မှုမြင့်မားသည်ထက်မြင့်မား အောင် ပံ့ပိုးကူညီကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများတန်းတူညီမျှအခွင့်အရေးရရှိရန်အတွက် ဆောင်ရွက်ပေးကြသူများ၏ ပိုမိုစွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် ဂုဏ်ပြုချီးမြှင့်ပေးကြရန် လိုအပ်ပါကြောင်း၊ ထို့အတွက် ယနေ့အခမ်းအနားတွင် စွမ်းရည်မြင့်မားသော Champion များအတွက်  ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် အမျိုးသမီးများ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် လှုပ်ရှားနေကြသည့် မည်သည့်အဖွဲ့ကိုမဆို အားပေးပါကြောင်းနှင့် အားလုံးဟန်ချက်ညီညီအတူတကွ ပူးပေါင်းဆောင်ရွက်မှာသာ အင်အားတစ်ခုဖြစ်လာပြီး အောင်မြင်မှုရရှိမည်ဖြစ်ပါကြောင်းပြောကြား ခဲ့ပါသည်။
    ထို့နောက် Chanmpion for Gender Equality Award ဆုရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်၊ ဆုရွေးချယ်ပုံအဆင့်အဆင့်နှင့် ဆုရွေးချယ်ခြင်းအပေါ်အားပေးစကား ပြောကြားခြင်းတို့ကို တာဝန်ရှိ သူများက အသီးသီးပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ယခုနှစ်အတွက် Chanmpion for Gender Equality Award ကို ရွေးချယ်ပေးအပ်ရာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေး များအတွက် ဆောင်ရွက်နေသူ ၊ စံပြလူထုအခြေပြုအဖွဲ့၏ Program Director မိချယ်ရီစိုးနှင့် ပန်းချီဆု အတွက် ဆရာမ မသန္တာနွေးက ရရှိခဲ့ကြပါသည်။
    ဆက်လက်၍ ဆုရရှိသူများနှင့် ဆုအမည်စာရင်းတင်သွင်းခြင်းခံရသူများအတွက် ပြည်ထောင်စု ဝန်ကြီးနှင့် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ အတွင်းရေးမှူး ဒေါက်တာမြသီတာတို့က အသီးသီးပေးအပ်ခဲ့ကြပြီး ဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

    

 

FacebookTwitter