ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေး

ကလေးမြို့၊ ၂၀.၄.၂၀၁၉
          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ဆောက်လုပ်ရေးရိပ်သာ၊ အစည်းအဝေးခန်းမ၌ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံများနှင့်တွေ့ဆုံ၍ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေး ကာကွယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို ပူပေါင်းဆောင်ရွက်ရန်နှင့် လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် ပြည်သူများ၏ ဒုက္ခအမျိုးမျိုးကို ကူညီကယ်တင်ပေးနေကြခြင်းဖြစ်သဖြင့် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် အတူတကွပူးပေါင်းခြင်းဖြင့် ပြည်သူ့အကျိုးကို ပိုမိုဆောင်ရွက် ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူအားလုံးသာတူညီမျှ အကျိုးခံစားခွင့် ရရှိရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိအပြောင်းအလဲကိုကြုံတွေ့ရသည့်အချိန်တွင် ရင်ဆိုင်ရမည့် အခက်အခဲများကိုလည်း အောင်မြင်အောင် ပူးပေါင်းကျော်လွှားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ အတွက် ကဏ္ဍအလိုက် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများရေးဆွဲ၍  လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ပံ့ပိုးကူညီစောင့်ရှောက်ပေးလျက်ရှိပါကြောင်းနှင့် ယနေ့တက်ရောက်လာသော အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် မိမိတို့ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ အကြံပြုချက်များကို ပွင့်လင်းစွာ ဆွေးနွေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
          ထို့နောက် တက်ရောက်လာကြသော အရပ်ဖက်လူမှုအဖွဲ့အစည်းများက မူးယစ်ဆေးစွဲ သူများပြန်လည်ထူထောင်ရေးလုပ်ငန်း၊ သဘာဝဘေးကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်း၊ ရေရှားပါးမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်း၊ ကလေးခရိုင်ရှိ ရာဇဂြိုဟ်ဆည်အတွင်း သဲနုန်းများ ဝင်ရောက်မှု အခြေအနေ၊ ချောင်းရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ၊ ဒေသတွင်း တစ်နိုင်တစ်ပိုင်အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများနှင့်ပတ်သက်၍ အသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ချက်ခြင်းဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ ဆက်လက် ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ်  လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးကိစ္စများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter