ချင်းပြည်နယ်၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ဆောင်ရွက်

ဟားခါး၊ ၂၀.၄.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ချင်းပြည်နယ်အတွင်း၌ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ရောက်ရှိပြီး ဖလမ်းမြို့၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့်တွေ့ဆုံပြီး ဝန်ကြီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ် ဆိုင်ရာလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးုလုပ်ငန်းများဆိုင်ရာ တိုးချဲ့ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရာတွင် ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦ (Multipurpose Cyclone Shelter) ဆောက်လုပ်ပေးနိုင်ရေးကိစ္စ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံး တည်ဆောက်နိုင်ရေးကိစ္စများနှင့် လူငယ်ရေးရာမူဝါဒကို မဟာဗျူဟာ စီမံချက်ပါ လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်ရန် ကိစ္စများပါဝင်ပြီး Multipurpose Cyclone Shelter နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံး တည်ဆောက်နိုင်မည့် မြေနေရာများအား ကြည့်ရှုခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟားခါးမြို့သို့ရောက်ရှိပြီး ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးငယ်များ၊ မသန်စွမ်းသူများ၊ ပရဟိတဂေဟာများ၊ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်သူများအနေဖြင့် လူမှုဒုက္ခများ၊ ဘေးအန္တရာယ်ဆိုင်ရာဒုက္ခများ ကြုံတွေ့ခံစားရပါက ကူညီကယ်တင်ပေးခြင်းနှင့် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေး ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့် စီမံချက်များရေးဆွဲချမှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သာတူညီမျှခံစားရရှိအောင် ဆောင်ရွက်ရာတွင် ရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်၍ ဖွံ့ဖြိုးမှုနိမ့်ကျသော ဒေသများကို ဦးစားပေး အဆင့်များအလိုက် စနစ်တကျဆောင်ရွက်ပေးနေပါကြောင်း၊  ရှေးဦးအရွယ်ကလေးသူငယ်များ အား နည်းစနစ်အမှန်ဖြင့် ပြုစုစောင့်ရှောက်၍ ၎င်းတို့၏ ကိုယ်ခန္ဓာပုံမှန်ကြီးထွားစေရန်နှင့် ဦးနှောက်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နေ့ကလေးထိန်းကျောင်းများ၊ မိခင်ဝိုင်းများဖွင့်လှစ်၍ ပြုစုလေ့ကျင့်ပေးလျက် ရှိပါကြောင်း၊ အစိုးရ၏ပံ့ပိုးပူးပေါင်းမှုပါဝင်သော စနစ်ကျသော ကိုယ်အားကိုယ့်ကိုးမူကြိုများ၊ ပုဂ္ဂလိကမူကြိုများ ပိုမိုဖွင့်လှစ်လာနိုင်စေရန် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်နည်း ဆရာဖြစ်သင်တန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ရာ ချင်းပြည်နယ်လည်း ပါဝင်ကြောင်း၊ ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေး အသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ခြင်း နှင့်အတူ အာဟာရပညာပေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးပညာပေးနှင့် မိသားစုစီမံကိန်းပညာပေး အစီအစဉ်များဖြင့် ဆောင်ရွက်ပေးနေပါကြောင်း၊ ဤစီမံချက်သည် စွမ်းရည်ပြည့်ဝသော အနာဂတ် လူ့စွမ်းအားအရင်းအမြစ်များ ထွက်ပေါ်လာရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူသား တစ်ဦးချင်းစီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် မသန်စွမ်းသူများကိုပါ ထည့်သွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မသန်စွမ်းအဆင့်သတ်မှတ်ပြီးပါက ပိုမိုစနစ်ကျသော ထောက်ပံ့မှု များ ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ရာ၌ လမ်းပန်းဆက်သွယ်မှုခက်ခဲသော ချင်းပြည်နယ်တွင် ခံစားခွင့်ရရှိမည့် ဘိုးဘွားများမကျန်ရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့အခမ်းအနား၌ ချင်းပြည်နယ်တစ်ခုလုံးရှိ မသန်စွမ်းသူများအားလုံးအတွက် ကနဦးထောက်ပံ့ခြင်း၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများ၊ ပရဟိတဂေဟာများ၊ လူငယ်ရိပ်သာ များနှင့် မိခင်ဝိုင်းများကို ထောက်ပံ့မှုများပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များသည် ပြည်သူများ တိုက်ရိုက်အကျိုးခံစားရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်ပြီး ပြည်သူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများ အားလုံးပူးပေါင်း ပါဝင်ကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ချင်းပြည်နယ် အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုတွင် ပြည်နယ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့်၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ် (၃၀၁၇၇)ဦးအတွက် ထောက်ပံ့ငွေကျပ် (၈၈၉.၇၆)သန်း၊ မသန်စွမ်းသူ (၂၆၉၁)ဦးအတွက် ထောက်ပံ့ငွေကျပ်   ( ၈၀.၇၃) သန်း၊ မိခင်ဝိုင်း (၅)ဝိုင်း ဖွင့်လှစ်ရန် ထောက်ပံ့ငွေကျပ် (၃.၅၃)သန်း၊ ပရဟိတဂေဟာ (၁၃)ခုအတွက် ထောက်ပံ့ငွေကျပ် (၄၃.၃၆)သန်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်ကြိုကျောင်းများ အတွက် ထောက်ပံ့ငွေကျပ် (၂၄.၇)သန်းနှင့် လူငယ်ရိပ်သာ (၁၁)ခုအတွက် ထောက်ပံ့ငွေကျပ် (၁၁)သိန်း တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ကိုယ်တိုင် တက်ရောက်လာကြသော ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များ၊ မသန်စွမ်းများအား ထောက်ပံ့ငွေများကို လက်ဝယ် အရောက်ပေးအပ်၍ ကလေးငယ်များအတွက် အာဟာရမုန့်များနှင့်ကစားစရာအရုပ်များ ပေးဝေးခဲ့ပါသည်။ ထို့နောက် ထောက်ပံ့မှုများအတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
    ချင်းပြည်နယ်အတွင်း ယနေ့ထောက်ပံ့ငွေ စုစုပေါင်းမှာ ငွေကျပ် သန်းပေါင်း (၁၀၄၃.၁၈) ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter