လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှကာကွယ် တားဆီးရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၃.၄.၂၀၁၉
    လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉)အား ယမန်နေ့ နေ့လယ်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
    အဆိုပါအစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဌ၊ ဦးမြင့်သူ(အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန)၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဦးဝင်းနိုင်ထွန်း (ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန)နှင့် လုပ်ငန်းကော်မတီတွင်ပါဝင်သည့် ဌာနဆိုင်ရာအသီးသီးမှ အဖွဲ့ဝင်ကိုယ်စားလှယ် များ စုစုပေါင်း (၂၀)ဦး တက်ရောက်ကြသည်။
    လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဌဦးမြင့်သူ (အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန)က အဖွင့်အမှာစကား ပြောကြားရာတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်း ကော်မတီ ဖွဲ့စည်းရခြင်း၏ အဓိကအကြောင်းရင်းများကိုရှင်းပြပြီး၊ ကုလသမဂ္ဂဘက်မှ အဆိုပြုသည့် ကလေးသူငယ်များအား သေကြေ ထိခိုက်ဒဏ်ရာ ရစေခြင်းနှင့် ကလေးသူငယ်များ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခြင်းတို့အား အဆုံးသတ်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစီမံချက်(၂)ရပ်မူကြမ်းအား ရှင်းလင်းကာ သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် ပါဝင်ဆွေးနွေးစေလိုပါကြောင်းဖြင့် ပြောကြားပါသည်။    
    ဆက်လက်ပြီး ပြန်လည်ထူထောင်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်း က လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို ဇန်နဝါရီလ(၇)နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်း ပေးခဲ့ကြောင်း၊   ဇန်နဝါရီလ (၂၁)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစီးသော အဆိုပါကော်မတီအစည်းအဝေး ပထမအကြိမ် ကျင်းပခဲ့ကြောင်း၊ ကာကွယ်တားဆီးရေးကော်မတီတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဥက္ကဌ ထပ်မံထည့်သွင်းဖွဲ့စည်းပြီးဖြစ်ကြောင်း၊ CTFMR (Country Task Force on Monitoring and Reporting) မှ နည်းပညာ ပိုင်းဆိုင်ရာအကူအညီပေးရန် ကမ်းလှမ်းမှု များရှိနေကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို တားဆီးကာကွယ်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီတို့တွင် ထပ်မံထည့်နိုင်ရေး ဆွေးနွေးပေးစေလိုကြောင်းဖြင့် ရှင်းလင်းပြောကြား ပါသည်။
    မေလဆန်းတွင်သက်ဆိုင်ရာဌာနများမှ ကုလသမဂ္ဂဘက်မှ အဆိုပြုသည့် ကလေးသူငယ် များအား သေကြေထိခိုက်ဒဏ်ရာရစေခြင်းနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်ကျူးလွန်ခြင်းတို့အား အဆုံးသတ်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းစီမံချက်(၂)ရပ် မူကြမ်းတို့ အပေါ်လေ့လာတွေ့ရှိချက်များ ပြန်လည်တင်ပြကြရမည်ဖြစ်ပြီး၊ မေလအတွင်းတွင် ဒုတိယအကြိမ် အစည်းအဝေး ပြန်လည်ကျင်းပမည်ဖြစ်ကြောင်းသိရှိရပါသည်။

FacebookTwitter