လူမှုဝန်ထမ်းဦးစီးဌာန၏ (၅၅)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

လူမှုဝန်ထမ်းဦးစီးဌာန၏ (၅၅)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
ရန်ကုန်၊ ၂၈.၄.၂၀၁၉
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြုစုစောင့်ရှောက် ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးဂေဟာ များနှင့် ကလေးပြုစုရေးဌာနများရှိ လူငယ်များ၊ အမျိုးသမီးငယ်များနှင့် ကလေးငယ်များအား စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းရုံး၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
    ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မုံရွာဆရာတော်ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ၏ ပရိတ်တရားတော်နာယူ ပူဇော်ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရား နာကြား ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပါသည်။
    အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။
    စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာသည် လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ (၅၅) ကြိမ်မြောက် စုပေါင်းအလှူဖြစ်ပြီး ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်း(၁၁)ဦးအား ရဟန်းအဖြစ်လည်းကောင်း၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ သန်လျင်လူငယ် သင်တန်း ကျောင်း၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းများမှ လူငယ်(၇၅)ဦးအား ရှင်သာမဏေ အဖြစ်လည်းကောင်း၊ အမျိုးသမီးဂေဟာများမှ အမျိုးသမီးငယ်(၃၀)ဦးအား  သီလရှင်အဖြစ် လည်းကောင်း သာသနာ့အမွေ ခံယူစေခဲ့ပါသည်။ အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ လူငယ်သင်တန်းကျောင်းနှင့် ကလေးပြုစုရေးကျောင်းများမှ  လူငယ်(၇၇)ဦးအား သာသနာ့အမွေ ခံယူစေခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter