မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ တတိယအကြိမ် အစည်းအဝေး (၁/၂၀၁၉) ကျင်းပ

နေပြည်တော်၊ ၂၉.၄.၂၀၁၉
          မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ တတိယအကြိမ် အစည်းအဝေး (၁/၂၀၁၉)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်း အဝေးသည် မသန်စွမ်းသူများ၏ အခွင့်အရေးများကို အတတ်နိုင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ အခွင့်အရေးဟုဆိုရာတွင် ကလေးဘဝ ကတည်းက စတင်ပါကြောင်း၊ အသက်ရှင်သန်ခွင့်၊ စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်ဟူ၍ ခံစားရရှိရန်လိုအပ်ပြီး အရွယ်ရောက်လာသည့်အခါတွင်လည်း အသက်အရွယ်အလိုက် အသက်ရှင်သန်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်နှင့် စောင့်ရှောက်ရန် လိုအပ်သည့် သူတိုင်း စောင့်ရှောက်ခံပိုင်ခွင့် ရရှိရန်လိုအပ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ခွင့်ရှိသူတိုင်း ကိုယ်တိုင်ပါဝင်ခွင့် ရရှိရန်လည်း  လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်ပတ်သက်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၈ ခုနှစ် တစ်နှစ်ထဲမှာပင်  လုပ်ငန်းများစွာကို  ဆောင်ရွက်နိုင်ခဲ့ရာ ဒေသတွင်းအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သည့် ASEAN Summit တွင် မသန်စွမ်းသူများ ၏ အခွင့်အရေးနှင့်ပတ်သက်၍ ASEAN Enabling Master Plan 2025 အား ချမှတ်ထားရာ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ Master Plan အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာ (၅)နှစ်စီမံကိန်း ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ အနေဖြင့်  Global Disability Summit တွင်လည်း မြန်မာနိုင်ငံအနေဖြင့် ကတိကဝတ် (၇) ချက်အား ချမှတ်နိုင်ခဲ့ပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဟာဗျူဟာရေးဆွဲရာတွင်  (Myanmar Sustainable Development Plan – MSDP) ဖြစ်သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော စီမံကိန်း (၂၀၁၈-၂၀၃၀)နှင့်လည်း ချိတ်ဆက်ရေးဆွဲလျက်ရှိပါကြောင်း၊ လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် စီမံကိန်း အလိုက် လိုအပ်သည့်ရန်ပုံငွေများကို စိစစ်၍ သတ်မှတ် အသုံးပြုသွားမည်ဖြစ်ကြောင်း၊  မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဆောင်ရွက်ရန် လုပ်ငန်းကော်မတီအနေဖြင့် မသန်စွမ်း အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပူးပေါင်းကူညီဆောင်ရွက်ပေးသည့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဦးစီးဌာနများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မသန်စွမ်းအသင်းအဖွဲ့အစည်းများ၊ မသန်စွမ်းမှုဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများအား ကျေးဇူးတင်ရှိပါကြောင်း၊  မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးနေခြင်းသည် နိုင်ငံတော်အစိုးရ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် များစွာအထောက် အကူပြုမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများသည်လည်း နိုင်ငံ၏အင်အားစု ဖြစ်ပြီး မသန်စွမ်းသူများအား စွမ်းနိုင်သမျှစွမ်းအောင် ပံ့ပိုးပေးခြင်းဖြင့် တိုင်းပြည်အတွက် အကျိုးရှိသည့်ပါဝင်မှုများဖြင့် ပေးဆပ်ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် လုပ်ငန်းကော်မတီအနေဖြင့် ကျင်းပခဲ့သည့် အစည်းအဝေးများ၏ ဆုံးဖြတ်ချက် များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ဆောင်ရွက်ပြီးစီးခဲ့သည့် ကိစ္စရပ်များအပေါ်တွင် အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဆက်လက်ဖော်ဆောင် ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
          ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ (၂/၂၀၁၈) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများနှင့် လက်ရှိဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်၊ ဝန်ကြီးဌာန များနှင့် အဖွဲ့အစည်းများမှ ၎င်းတို့၏ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေး ပြောကြားခဲ့ကြပါသည်။
ယင်းနောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ယာယီဥက္ကဋ္ဌ ဦးသိန်းလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လုပ်ငန်းကော်မတီများ၏ အကောင်အထည်ဖော်ရာတွင် ထိရောက်မှုရှိရန် လိုအပ်ကြောင်း၊ လက်တွေ့တွင် မသန်စွမ်းများအတွက် မည်မျှ၊ မည်ကဲ့သို့ပြောင်းလဲအောင် ဆောင်ရွက်နိုင်သည်ကို ထင်ရှားစွာ ပြသနိုင်ရန်လိုအပ်သဖြင့် အားလုံးပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။  

FacebookTwitter