မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင်သန်စွမ်းသူများ၏ အခွင့်အရေးနှင့် အကျုံးဝင်မှုမြှင့်တင်ခြင်း ဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများ၏ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၂ .၅.၂၀၁၉
     မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းများ၏အခွင့်အရေးနှင့် အကျုံးဝင်မှုမြှင့် တင်ခြင်းဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲကို နေပြည်တော်၊ Grand Amara ဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ အမှာစကားပြောကြားပါသည်။
    ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူ များအသင်းချုပ်မှ တာဝန်ရှိသူများနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် မသန်စွမ်းအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများအား နှုတ်ခွန်းဆက်သပါကြောင်း၊ မြန်မာ့ဒီမိုကရေစီအသွင် အကူးအပြောင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် အကျုံးဝင်မှုရှိစေရန် ကဏ္ဍစုံမှ ပါဝင် ပတ်သက်သူများက မသန်စွမ်းသူများအတွက်  ဦးတည်ဆောင်ရွက်သည့် ဆွေးနွေးပွဲဖြစ်သည့် အတွက် မသန်စွမ်းသူများအတွက် ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်မှစပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းခဲ့ရာ မိမိတို့အစိုးရသစ် လက်ထက်တွင် ဒီမိုကရေစီအကူးအပြောင်းပိုမိုပီပြင်စေရန်နှင့် အမြစ်တွယ်နိုင်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  အခက်အခဲများ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသော်လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုအင်အားဖြင့် ကျော်လွှားဆောင်ရွက်လျက်ရှိပါကြောင်း၊ လူတစ်ဦး ချင်းစီ၏ အခွင့်အရေးများကို ဖေါ်ဆောင်ပေးနိုင်ရန် လိုအပ်သော ဥပဒေများကို လွှတ်တော်က ပြဌာန်းပေးလျက်ရှိပြီး အစိုးရက ထိရောက်စွာအကောင်အထည်ဖေါ်ပေးရပါကြောင်း၊ မသန်စွမ်းသူ များအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ အခွင့်အရေးတန်းတူရရှိရေးနှင့် ကဏ္ဍအသီးသီးတွင် ပါဝင် စွမ်းဆောင်နိုင်ရေးတို့ကို အစိုးရက အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူ များအတွက် အမှန်တကယ် အပြောင်းအလဲများကို ဖေါ်ဆောင်နိုင်ရန် ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ စာရင်းဇယားများအရ ဦးရေ နှစ်သန်းခွဲခန့်ရှိသော မသန်စွမ်းသူများ၏ ပါဝင်စွမ်းဆောင်နိုင်မှုကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းသူများသည် အင်အားစုတစ်ရပ်အဖြစ် အကျိုးပြုပါဝင်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။
    ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ယာယီ ဥက္ကဌ ဦးသိန်းလွင်က မြန်မာ့ ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းအတွက် ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးနေလင်းစိုးက ဆွေးနွေးပွဲကျင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း တင်ပြပါသည်။
ထို့နောက် ဆွေးနွေးပွဲအား (၂) ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် အကျုံးဝင်မှုအတွက် နိုင်ငံတော်အစိုးရ၏ လက်ရှိဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ၊ မသန်စွမ်းသူများ၏ လိုအပ်ချက်များနှင့် ပတ်သက်ပြီး  Online မှ စစ်တမ်းကောက်ယူထားသည့် အချက်အလက်များတင်ပြခြင်း၊ ဒီမိုကရေစီအကူးအပြောင်း ကာလတွင် နိုင်ငံတော်အစိုးရ အနေဖြင့် မသန်စွမ်းလူထုအတွက် အဓိကဆောင်ရွက်ပေးသင့်သည့် နယ်ပယ်ကဏ္ဍများ၊ ၂၀၂၀ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအနေဖြင့် မသန်စွမ်းလူထုအတွက် ဦးတည်ပြင်ဆင်ဆောင်ရွက်သင့်သည့် အစီအမံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒချမှတ်မှုများနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများတွင် မသန်စွမ်းအသင်းအဖွဲ့များ၏ အခန်းကဏ္ဍ၊ အရေးပါမှုနှင့် အကျုံးဝင်ပါဝင်မှုတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

FacebookTwitter