ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး UNOCHA မှ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၁၄-၅၂၀၁၉
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UNOCHA မှ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ Ms. Ursula Mueller နှင့်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နှင့် UNOCHA တို့ သဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုး၍ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နေမှုများ၊ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးမှ ပေးပို့လာသည့် ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်(၈)မြို့နယ်တွင်ရှိသော နေရပ်စွန့်ခွာနေထိုင်သူများအား ပညာရေး၊ ကျန်းမာရေး၊ ရေနှင့်သန့်ရှင်းရေး၊ စားနပ်ရိက္ခာ၊ ယာယီအိမ်ရာ၊ အိမ်သုံးပစ္စည်းနှင့် အကာအကွယ် ပေးရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ(၁၂.၂)သန်းဖြင့် ကုလသမဂ္ဂမှ အကူအညီပေး နိုင်ရေး ပြုစုထားရှိသည့် စီမံချက်မူကြမ်း တင်ပြလာသည့်ကိစ္စ၊ ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာ ကူညီမှုဆောင်ရွက်သူများ ခရီးသွားလာခွင့်ရရှိရေးကိစ္စရပ်များ၊ သတ်မှတ်နယ်မြေများအတွင်း လွတ်လပ်စွာ သွားလာခွင့် (Freedom of movement) ဆိုင်ရာကိစ္စရပ်များ၊ ဒုက္ခသည်စခန်းများမှ ကျောင်းသား၊ ကျောင်းသူများ အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရေးကိစ္စရပ်များနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ကူညီထောက်ပံ့ရေးကိစ္စရပ်များကို ဆွေးနွေးကြ ကြောင်း သတင်းရရှိပါသည်။

FacebookTwitter