မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၏ စုပေါင်းရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

မန္တလေး၊ ၁၈.၅.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြုစု စောင့်ရှောက်ထားသော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးဂေဟာများရှိ လူငယ်များနှင့် အမျိုးသမီးငယ်များအား မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီများနှင့် အလှူရှင်များစုပေါင်းလှူဒါန်းသော လူမှုဝန်ထမ်းဦးစီးဌာန၏ စုပေါင်း ရှင်ပြု၊ သီလရှင်ဝတ်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မှန်ကင်းပဇ္ဇောတာရုံကျောင်းတိုက်၊ နှစ်(၁၅၀)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
    ရှေးဦးစွာ မှန်ကင်းပဇ္ဇောတာရုံကျောင်းတိုက်ဆရာတော် အရှင်ဣဒ္ဓိကာဘိဝံသထံမှ ရှစ်ပါး သီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ၏ ပရိတ်တရားတော်နာယူ ပူဇော်ကြ ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီဝင်များ၊ အလှူရှင်များနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ဆရာတော်သံဃာတော် များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပါသည်။
    အခမ်းအနားအပြီး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်ဇနီး၊ မန္တလေးတိုင်း ဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီဝင်များကဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
    ယနေ့ကျင်းပပြုလုပ်သော စုပေါင်းရှင်ပြု၊ သီလရှင်ဝတ်အလှူတော်မင်္ဂလာတွင် မန္တလေး တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လူငယ်သင်တန်းကျောင်းမှ လူငယ်(၅၄)ဦး၊ အမျိုးသမီး သင်တန်းကျောင်းမှ အမျိုးသမီးငယ် (၃၀)ဦးတို့ ပါဝင်ခဲ့ပါသည်။
    ၂၀၁၉ ခုနှစ်အတွင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနက ပြုစုစောင့်ရှောက်ထားသော မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်းရှိ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးသင်တန်းကျောင်းများနှင့် ကလေး ပြုစုရေးဌာနမှ လူငယ်များ၊ အမျိုးသမီးငယ်များနှင့် ကလေးငယ်များ စုစုပေါင်း (၂၆၆)ဦး အား စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter