ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးမကျမီ ယာယီနေရာချထားပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေး

စစ်တွေ၊ ၁၉.၅.၂၀၁၉
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား မိုးရာသီမတိုင်မီ လုံခြုံသောနေရာများတွင် ယာယီနေရာချထားပေးနိုင်ရေး လုပ်ငန်းညှိနှိူင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရခိုင်ုပြည်နယ်အစိုးရအဖွဲ့ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊  ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ တွင် ဒေသတွင်း ပြန်လည်နေရာချထားရေး နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အနေဖြင့် လည်းကောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုတာဝန်ယူနေရသော မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်းကောင်းလာရောက်ခြင်း ဖြစ်ပါကြောင်း၊ အစိုးရက ပြည်သူများအတွက်  သာတူညီမျှ ခံစားရရှိရေးမူနှင့်  ပြုပြင်ပြောင်းလဲမှူများ၊ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ခြင်းများကို  တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သာတူညီမျှ ခံစားရရှိရေးဆောင်ရွက်ရာတွင် လိုအပ်ချက်များသောနေရာများကို  ဦးစားပေး ဆောင်ရွက် နေကြောင်း၊ ရခိုင်ပြည်နယ်သည် လိုအပ်ချက်များသည့်အတွက် ဦးစားပေး အစီအစဉ်များဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဆောင်ရွက်ရာတွင် တရားဥပဒေ စိုးမိုးရေး နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရ က ရခိုင်ပြည်နယ်အတွက် အလေးထားသည့် အချက် (၂) ချက် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကော်မတီများ၊ အဖွဲ့အစည်းများ နှင့် ပြည်သူများက ဝိုင်းဝန်းဆောင်ရွက်နေကြောင်း၊  လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ နှင့် ပြည်သူများအားလုံးက ရခိုင်ပြည်နယ်အတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ဘေးဒုက္ခရောက်နေသော ပြည်သူများ အတွက်  လိုအပ်ချက်များကို စီမံဆောင်ရွက် တာဝန်ယူရသည့် အစိုးရဌာန ဖြစ်ပါကြောင်း၊ ထို့ကြောင် ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် မိမိတို့နေအိမ်များကို စွန့်ခွာ တိမ်းရှောင်နေရသော ပြည်သူများ၏ ဒုက္ခများကို ဖြည့်ဆည်းပေးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ လတ်လလော အခြေအနေတွင် (၄) ကြိမ်မြောက်ရှိပြီ ဖြစ်ပါကြောင်း၊ ပထမ (၃)ကြိမ်တွင် ဘေးဒဏ်ခံစား နေရသော ပြည်သူများ လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် ဆန်ရိက္ခာ၊ အဝတ်အထည် အိမ်ထောင်စု သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ထို့အပြင် မိမိကိုယ်တိုင် မပါသော်လည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီမှ တဆင့် (၂) ကြိမ် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီး၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၉၂၇၉) ကျော် ရှိပြီ ဖြစ်ကြောင်း၊ ယခုတကြိမ် ရောက်ရှိခြင်း သည် တိုက်ပွဲရှောင် ပြည်သူများအတွက် မိုးမကျမီ ယာယီနေရာချထားပေးနိုင်ရေး ကိစ္စဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ရေရှည်တွင် ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည် ပဋိပက္ခ ကင်းဝေးရေး၊ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နေသကဲ့သို့  လတ်တလော ရခိုင်ပြည်သူများ၏ ဘေးဒုက္ခများကို  အမြန်ဆုံး မိုးမကျမီ အချိန်မီ ဒုက္ခများက ကင်းဝင်းစေရေး ယာယီနေရာချထားရေးကို တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ရာ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများက ပူးပေါင်း ဆောင်ရွက် ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က နေရပ်စွန့်ခွာ ပြည်သူများအတွက် လိုအပ်ချက်များကို ပြည့်စုံအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးရာသီ မတိုင်မီ ယာယီနေထိုင်နိုင်ရေးအတွက် အဓိက ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနအလိုက် တာဝန်ယူ တာဝန်ခံ၍ ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ညွန်ကြားရေးမှူးက တိုက်ပွဲရှောင်ပြည်သူများ ယာယီခိုလှုံမှု အခြေအနေ နှင့် ပတ်သက်၍ တင်ပြဆွေနွေးခဲ့ပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိူင်းဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က ဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် စစ်တွေမြို့အမျိုးသားကျောင်တိုက်ရှိ ဆရာတော်အား ဖူးမြော်ကြည်ညှိပြီး ရသေ့တောင် ဘူသီးတောင် မြို့နယ်များမှ တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပါသည်။

FacebookTwitter