ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအားကူညီစောင့်ရှောက်ရေး ကော်မတီ(KHCC)တို့ ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား၊ ၂၄-၅-၂၀၁၉
    ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက် ရေးကော်မတီ(KHCC)တို့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ခန်း၌ကျင်းပခဲ့ရာ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း၊ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ထွန်းနေလင်း၊  လုပ်ငန်းအဖွဲ့အတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)မှ ဒု-ဥက္ကဌ(၁)ဖာသာရ်ပေါလ်အောင်ဒန့် ဦးဆောင်သောအဖွဲ့များ တက်ရောက်ခဲ့ကြ ပါသည်။
    လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင်(NRPC) နှင့် (KHCC)တို့ ၂၀၁၉ ဧပြီလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ  နေရပ်စွန့်ခွာရသူများ(IDPs)အနေဖြင့် ၎င်းတို့နေရပ်သို့ ဂုဏ်သိက္ခာရှိစွာဖြင့် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားနိုင်ရေး၊ လိုအပ်နေသော  လူသားချင်းစာနာထောက်ထား သည့် အကူအညီများပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် မိမိတို့လုပ်ငန်းအဖွဲ့ကို (၈.၅.၂၀၁၉)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာ စာအမှတ် (၆၂/၂၀၁၉)ဖြင့် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ မိမိတို့အဖွဲ့အတွက် လုပ်ငန်းတာဝန်(၉)ချက်ကိုလည်း သတ်မှတ်ပေးထား ပါကြောင်း၊ အဆိုပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် NRPC ၏ လမ်းညွှန်ချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် NRPC နှင့် KHCC သဘောတူညီချက်များနှင့်အညီ ကဏ္ဍအလိုက် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ၏ လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာ စေနိုင်မည်ဖြစ်ပါကြောင်း အဖွင့်စကားပြောကြား ခဲ့ပါသည်။
    ထို့နောက် KHCC မှ ဒု-ဥက္ကဌ(၁) ဖာသာရ်ပေါလ်အောင်ဒန့်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ တက်ရောက် လာသူအဖွဲ့ဝင်များက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။
    ဆွေးနွေးပွဲမှ IDPs များ နေရပ်ပြန်ရာတွင် လိုအပ်သော Initial Need Assessment ပြုလုပ်ရေး၊ Action Plan ရေးဆွဲနိုင်ရေးအတွက် အကြံပြုချက်များ ရယူရေး၊ လုပ်ငန်းအဖွဲ့နှင့် KHCC တို့တွင် Focal Person များ သတ်မှတ်ရေးနှင့် ဆက်လက်ပြုလုပ်မည့် အစည်းအဝေး အချိန်ဇယား သတ်မှတ်ခြင်းတို့ကို အတည်ပြုနိုင်ခဲ့ကြပါသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့၊ (ပလန) ကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာသို့ သွားရောက်ကာ ကျေးရွာပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ အလုပ်အကိုင်ရရှိရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီး  ၎င်းကျေးရွာရှိ ကျောင်းသား/သူများအတွက် ကျောင်းကြို/ပို့ အသုံးပြုရန် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ငွေကျပ်(၃၁)သိန်း တန်ဖိုးရှိ သုံးဘီးမော်တော် ဆိုင်ကယ်တစ်စီးအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter