ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာညီလာခံသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်မြတ်အေးတက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ၂၅.၅.၂၀၁၉
    နော်ဝေနိုင်ငံ၊အော်စလိုမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်မြတ်အေးသည် ယမန်နေ့က ကျင်းပပြုလုပ်သော ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာညီလာခံ၌ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် တက်ရောက်လာကြသည့် ဂုဏ်သရေရှိ လူကြီးမင်းများ အားလုံးကို မင်္ဂလာပါလို့ ဦးစွာပထမနှုတ်ခွန်းဆက်သအပ်ပါကြောင်း၊ CEDAW, CRC, CRPD, ICESCR, Beijing Platform for Action, Sustainable Development Goals and UNSCR 1325 စသည့်ကတိကဝတ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာနှင့် ကျား၊မရေးရာအကြမ်းဖက်မှုများပပျောက်စေရန် မူဝါဒများ၊ ဥပဒေများ၊ မူဘောင်များနှင့် စီမံကိန်း များကိုချမှတ်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာမဟာဗျူဟာစီမံချက် (၂၀၁၃-၂၀၂၂) နှင့် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကာကွယ်ရေး အထူးကိုယ်စားလှယ်နှင့်ချုပ်ဆိုထားသည့် ပူးတွဲစာချုပ် ( Joint Communique with the Special Representative for Sexual Violence in Conflict) တို့ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဤပူးတွဲစာချုပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အမျိုးသား အဆင့် ကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားရှိပြီး အမျိုးသားအဆင့်စီမံကိန်းကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊
    မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျနေမှုများ၊ အဆင်မပြေမှုများစွာနှင့် ပြည်တွင်းငြိမ်းချမ်းရေးမရရှိသေးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မကြာသေးမီနှစ်များအတွင်း အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက် ပြည်ထောင်စုသဘောတူညီချက်အသစ်တစ်ခုကိုပြုလုပ်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်အသစ်အတွက် အခြေခံစည်းမျဉ်းများကို ထည့်သွင်းရေးဆွဲခဲ့ပါကြောင်း၊ ကဏ္ဍစုံတွင် အမျိုးသမီးများအား အနည်းဆုံး (၃၀) ရာခိုင်နှုန်း ပါဝင်နိုင်စေရန်၊ ကျား၊မအခြေပြု အကြမ်းဖက်မှု များကို ကာကွယ်ပေးသော မူဝါဒများနှင့်လုပ်ငန်းစဉ်များကို နိုင်ငံတကာနှင့်အညီ ပြဋ္ဌာန်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းဆောင်ရွက်ချက်များသည် တိုင်းပြည်၏အနာဂါတ်တွင် အမျိုးသမီး ကဏ္ဍနှင့် ကျား၊မတန်းတူညီမျှရေးကို တိုးတက်အောင်ဆောင်ရွက်ပေးနိုင်မည့် အခြေခံ အချက်များပင်ဖြစ်ပါကြောင်း၊
Gender-responsive budgeting စီမံချက်သည် ပြည်သူ့အစိုးရမှ တာဝန်ယူဆောင်ရွက် နေသည့် ဆောင်ရွက်ချက်များထဲမှ တစ်ခုလည်းဖြစ်ပါကြောင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ် များ၏ အကျိုးကိုရှေးရှု့၍ လူမှုရေးကဏ္ဍများတွင် ဘဏ္ဍာငွေခွဲဝေပေးမှုမှာ ၂၀၁၆ ခုနှစ်နှင့်ယခုနှစ်နှိုင်းယှဉ်လျှင် (၃) ဆ တိုးမြှင့်လာသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ထိခိုက်လွယ်သည့်အုပ်စုများ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ၊ ကျား/မရေးရာ အကြမ်းဖက်မှုများကို ခံစားနေရသူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများလုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေ ချောမွေ့ လာပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် လိင်ပိုင်းဆိုင်ရာနှင့် ကျား/မရေးရာ အကြမ်းဖက်မှုများကို ကာကွယ်ပေးရန်နှင့် အကြမ်းဖက်ခံရသူများ၏ လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ကဏ္ဍတွင်ပါဝင်ပါကြောင်းနှင့် ယင်းလုပ်ငန်းဆောင်ရွက်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
    အဆိုပါနိုင်ငံတကာညီလာခံအား နော်ဝေနိုင်ငံအစိုးရမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်းတစ်ရာကျော်မှ တက်ရောက်သူဦးရေ (၇၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။

FacebookTwitter