ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်မြတ်အေး နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ

နေပြည်တော်၊ ၂၅.၅.၂၀၁၉
    နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်မြတ်အေးသည် နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Dag-Inge Ulstein နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် Mr. Yves Daccord ဦးဆောင်သောအဖွဲ့တို့နှင့် ယမန်နေ့နံနက်ပိုင်းက Radisson Blu Hotel သီးသန့်ဧည့်ခန်းမဆောင်၌ သီခြားစီ တွေ့ဆုံခဲ့ပါသည်။
    နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့်တွေ့ဆုံရာတွင် နော်ဝေနိုင်ငံ နှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ကျား/မတန်းတူညီမျှရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ လူမှု-စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံမှုမြှင့် တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးများအကြမ်းဖက်ခံရမှု ကာကွယ်တားဆီးရေး ဥပဒေရေးဆွဲနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် UEHRD မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
    ထို့နောက် ညနေပိုင်းတွင်  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် နှင့်တွေ့ဆုံရာတွင်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့် ICRC တို့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်တွင် Red Cross Movement အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီ ထောက်ပံ့မှုအခြေအနေများ၊ ပဋိပက္ခများအတွင်း လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုကာကွယ်တားဆီးရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter