ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသအတွင်းရှိ လူငယ်များ၊ လူငယ့်ရေးရာ ကော်မတီဝင်များ၊ ကလေးပြုစုစောင့်ရှောက်သူများ၊ မိဘများနှင့်တွေ့ဆုံ

မကွေး ၊ ၁.၆.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် လူငယ်များနှင့်တွေ့ဆုံပြီး လူငယ်ရေးရာမူဝါဒကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။
    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပဋိသန္ဓေတည်သည်မှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊ ကဏ္ဍအသီးသီးတွင် လိုအပ်ချက်များရှိပါကြောင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များနှင့် ပတ်သက်ပြီး လူငယ့်ရေးရာမူဝါဒကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လူငယ်ရေးရာ မူဝါဒသည် အဓိကကဏ္ဍ(၁၆)ရပ်ပါဝင်ပြီး လူငယ်များ၏ ရသင့်သည့်အခွင့်အရေးများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ထည့်သွင်းရေးဆွဲထားပါကြောင်း၊ မဟာဗျူဟာတစ်ရပ် လည်း ပေါ်ပေါက်ပြီးဖြစ်၍ မိမိတို့၏တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များချမှတ်ရေးကိုလည်း ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါ ကြောင်း၊ တစ်နိုင်ငံလုံးရှိလူငယ်များအားလုံးပါဝင်နိုင်အောင်အသိပေးခြင်း၊ ပူးပေါင်းဆောင်ရွက် ခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သို့မှသာ မူဝါဒ၏အားသာချက်၊ အားနည်းချက်များကို သိရှိ နားလည်ပြီး ပြင်ဆင်ဖြည့်စွက်လိုသည်များရှိလာပါက နည်းလမ်းတကျပြင်ဆင်ဖြည့်စွက်နိုင်မှာ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များအနေဖြင့်လည်း ညီညီညွတ်ညွတ် ပူးပေါင်း၍ လူငယ်များကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ အနာဂတ်လူငယ်များအတွက် ကောင်းမွန်သော အမွေများကို လက်ဆင့်ကမ်းပေးနိုင်အောင် ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
    ထို့နောက် တက်ရောက်လာကြသော လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့ အစည်းတို့မှ အခြေခံပညာကျောင်းများတွင် လူငယ်များအတွက် ရှေးဦးပြုစုခြင်းကြက်ခြေနီ သင်တန်းများဖွင့်လှစ်နိုင်ရေး၊ လူငယ်ရေးရာကော်မတီအတွက် ယာယီရုံးခန်းရရှိရေး၊ လူငယ် စင်တာတည်ဆောက်ရန်အတွက် မြေနေရာရရှိရေး၊ လူငယ်ရေးရာကော်မတီတွင် မသန်စွမ်း လူငယ်များပါဝင်နိုင်ရေး၊ မသန်စွမ်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ NGO, INGO နှင့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးစသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးပေးခဲ့ပါသည်။
    ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးမြို့ရှိ လူမှုဝန် ထမ်းဦးစီးဌာန လက်အောက်ရှိ မူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ၊ ပုဂ္ဂလိကမူကြို ကျောင်းများရှိဆရာ၊ ဆရာမများ၊ မိဘများ၊ မိသားစုဝင် များနှင့် မကွေးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံပြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အရေးကြီးပုံကို ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဤကာလတွင်စနစ်တကျ ပြုစုခြင်း သည် အနာဂါတ်အတွက် အရည်အချင်းပြည့်ဝသော လူသားအရင်းအမြစ်များ ပေါ်ထွန်းရေး အတွက်ဖြစ်ကြောင်း၊၊ ရှေးဦးအရွယ် ကလေးသူငယ်သည် မွေးစမှ (၈)နှစ်အထိ ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ရေးကဏ္ဍတွင် မိခင်များသာမက ဖခင်များ၊ မိသားစုဝင်များသည် အရေးကြီးပါကြောင်း၊ ရှေးဦးအရွယ်ကလေးများ၏ ကိုယ်ခန္ဓာ ပုံမှန်ကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုများ၊ အသက်အရွယ် အဆင့်ဆင့်အလိုက် ပြောင်းလဲပုံကို မိဘများ၊ မိသားစုဝင်များက သိရှိပြီး ပုံမှန်ဖွံ့ဖြိုးမှုရှိ/မရှိဆန်းစစ်ရမှာ ဖြစ်ကြောင်း၊ ပုံမှန်ဖွံ့ဖြိုးမှုမရှိပါက ကျွမ်းကျင်သည့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းမှ တာဝန်ရှိသူများနှင့် စောလျင်စွာတိုင်ပင်ရန် လိုအပ်ပါကြောင်း၊ ကလေးငယ်များကို နည်းစနစ်အမှန် ဖြင့် ပြုစုစောင့်ရှောက်ပေးရန် နေ့ကလေးထိန်းကျောင်းများ၊ မိခင်ဝိုင်းများ ဖွင့်လှစ်ပေးလျက် ရှိပါကြောင်း၊ အဆိုပါကျောင်းများ၌ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေး ဆရာဖြစ် သင်တန်းတက်ရောက်ပြီးသူများကိုသာ ကြီးကြပ်စေပါကြောင်း၊ ဆရာဖြစ်သင်တန်းများလည်း တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိခင်ဝိုင်းများကို တိုးချဲ့ ဖွင့်လှစ် လျက်ရှိသော်လည်း ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ တစ်နိုင်ငံလုံးပြန့်ပြန့်နှံ့နှံ့ဖွင့်လှစ်နိုင်ရန် အခက်အခဲရှိသည့် အတွက်မိဘများ၊ အုပ်ထိန်းသူများ ကိုယ်တိုင်က ရှေးဦးအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး နည်းလမ်းများကို သိရှိနားလည်ပြီး မိမိတို့ကိုယ်တိုင် ဆောင်ရွက်၍ ရပါကြောင်း၊ ကလေးသူငယ်များအား ပြုစုစောင့်ရှောက် နည်းစနစ် မမှန်ပါကဖွံ့ဖြိုးမှု နှောင့်နှေး သွားနိုင်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ အပြန်အလှန် ဆက်သွယ်ခြင်းနှင့် ဘာသာစကားဖွံ့ဖြိုးမှု၊ လက်နှင့်လက်ချောင်းများဖွံ့ဖြိုးမှုအတွက် စနစ်တကျ လေ့ကျင့်ပေးခြင်း၊ ကလေးသူငယ်အချင်းချင်း ထိတွေ့ပေးခြင်းဖြင့် အထောက်အကူများစွာ ပြုနိုင်ကြောင်းနှင့် ထိုအသိပညာများကို မိဘများ၊ အုပ်ထိန်းသူများသိရှိအောင် ဖြန့်ဝေ ပညာပေးခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မိခင်ဝိုင်းများ၊ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။
    ထို့နောက် တက်ရောက်လာကြသောမူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူကြို ကျောင်းများ၊ ပုဂ္ဂလိကမူကြိုကျောင်းများရှိဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများက မိမိတို့ ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်ပြုစုရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်နှင့် သိရှိလိုသည်များကို မေးမြန်းကြရာ မိခင်ဝိုင်းများ ရေရှည်တည့်တံ့မှုရှိစေရေး၊ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊  ယခင်က INGO အကူအညီများဖြင့် ဖွင့်လှစ်ခဲ့သော မိခင်ဝိုင်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး၊ မသန်စွမ်း ကလေးငယ်များအတွက် ပြုစုစောင့်ရှောက်ရေး၊ ကျောင်းနေရာ ရေတိုက်စားနေမှုတို့နှင့် ပတ်သက်၍ မေးမြန်းကြရာ  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေရှင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter