ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်ခြင်းလုပ်ငန်းစဉ် (UPR)၏ အကြံပြုတိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)

နေပြည်တော်၊ ၃.၆.၂၀၁၉
    UPR အကြံပြုချက်များအနက် ကျား/မတန်းတူရည်တူရှိမှုမြှင့်တင်ရေးနှင့် ထိခိုက်ခံစား လွယ်သော အုပ်စုများကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးဆိုင်ရာ လုပ်ငန်းကော်မတီ(၂)ရပ်၏ အကြံပြုတိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
      ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်လျှင် လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်း များနှင့် ညီညွတ်သော ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက် လာစေရေးအတွက် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိတဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့်ဆောင်ရွက်ရေး မူဝါဒထားရှိပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနတစ်ခုထဲ ဆောင်ရွက်၍မရနိုင်သဖြင့် ပြည်သူ၊ INGOs/ NGOs အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကိုလည်းပြောကြားလိုပါကြောင်း၊ ယနေ့အစည်းအဝေးနှင့်စပ်လျဉ်း၍ UPR ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအားလုံး ၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်ခြင်းလုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာဆောင်ရွက်ချက်များကို တင်ပြ၍ သုံးသပ်မှုခံယူကြရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာကို ၅ နှစ် တစ်ကြိမ် တင်သွင်းခြင်း ဖြစ်ပါကြောင်း၊ ပထမအကြိမ်အစီရင်ခံစာကို ၂၀၁၁ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ် အစီရင်ခံစာကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ ပေးပို့တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ တတိယအကြိမ်အစီရင်ခံစာကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် တင်သွင်းရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ဒုတိယအကြိမ်အစီရင်ခံစာအပေါ် သုံးသပ်မှုခံယူခဲ့စဉ် အဖွဲ့ဝင်နိုင်ငံပေါင်း (၉၃) နိုင်ငံမှ အကြံပြုတိုက်တွန်းချက် (၂၈၁) ချက်အနက် မိမိတို့နိုင်ငံအနေဖြင့် အကြံပြုချက်(၁၆၆)ချက်လက်ခံခဲ့ပါကြောင်း၊ ထိုအကြံပြုချက် (၁၆၆)ရပ်အပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရန် ကဏ္ဍ(၁၂)ရပ် ခွဲဝေထားရှိပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျား/မ တန်းတူ ရည်တူရှိမှု မြှင့်တင်ရေးကိစ္စနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးဆိုင်ရာအကြံပြု ချက် (၁၅) ရပ်နှင့် ခွဲခြားမှုမပြုရေးကိစ္စဆိုင်ရာ အကြံပြုချက် (၁၅) ရပ်ကို တာဝန်ယူဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ UPR အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရန် အမျိုးသားအဆင့်ကော်မတီကို ၁၉-၁၀-၂၀၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ဒုတိယသမ္မတ (၁) ဦးဆောင်၍ ဖွဲ့စည်းခဲ့ပြီး ကဏ္ဍ(၁၂) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်း ကော်မတီ (၁၂) ရပ်ကို ဖွဲ့စည်းထားခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ကျား/မ တန်းတူ ရည်တူရှိမှု မြှင့်တင်ရေးနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးဆိုင်ရာလုပ်ငန်းကော်မတီ (၂) ရပ်ကို ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် UPR အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ပြောကြားလိုပါကြောင်း ပြောကြားသွားပါသည်။
    ဆက်လက်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ ပြောကြားရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှ ချမှတ်ထားသော မူဝါဒ (၄)ရပ်အနက် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုမှကြိုတင် ကာကွယ်ရန်နှင့် စောင့်ရှောက်မှုများပေးရန်ဆိုသည့် အချက်ပါဝင်ပြီး အဆိုပါမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများမှ ထိရောက်စွာကာကွယ်ပေးနိုင်ရန် အတွက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲ လျက်ရှိပါကြောင်း၊ ဥပဒေ(မူကြမ်း)ကို လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီသို့ တင်ပြခဲ့ပြီး ကော်မတီ၏သဘောထားမှတ်ချက်နှင့်အညီ ပြန်လည်ပြင်ဆင် မှုများ ဆောင်ရွက်ထားရှိခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင်လည်း ဥပဒေ(မူကြမ်း) အပေါ် ဆွေးနွေးမှုများ ဆောင်ရွက်သွားကြမှာ ဖြစ်ပါကြောင်း၊ မကြာမီထွက်ပေါ်လာဖို့ကိုလည်း မိမိတို့ ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အားလုံးမျှော်လင့်စောင့်စားနေတဲ့ ဥပဒေ ဖြစ်တဲ့အတွက် ဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုများ မရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြား သွားပါသည်။
    ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျား/မ တန်းတူရည်တူ ရှိမှုမြှင့်တင်ရေးနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးဆိုင်ရာလုပ်ငန်းကော်မတီ (၂) ရပ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။
    ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
    ထို့နောက် တက်ရောက်လာသူများမှ ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေး မှုများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။
    

 

FacebookTwitter